Thursday, June 13, 2019

ဆန်ရေစပါး ပေါကြွယ်ဝစေရေး ရိုးရာဓလေ့ နတ်ကြီးတက်ပွဲ ကသာတွင် ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ တုန်းပေါကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနှစ်ရွာမှ ရွာသား သုံးရာကျော် စုပေါင်း၍ ဆန်ရေစပါး ပေါများကြွယ်ဝစေရေး ရိုးရာဓလေ့ နတ်ကြီးတက်ပွဲကို ပြုလုပ်ခဲ့ကြောင်း တုန်းပေါကျေးရွာနေ ဦးအဒိုးက ပြောကြားသည်။ တုန်းပေါကျေးရွာနှင့် သိမ်အင်ကျေးရွာ နှစ်ရွာမှ ရွာသား ဦးရေ ၃၀၀ ကျော် စုပေါင်း၍ ကျေးရွာနှစ်ရွာအကြားရှိ ဘိုးဘိုးကြီး နတ်စင်တွင် ရိုးရာဓလေ့အရ နတ်ကြီးတက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။



“နတ်ကြီးတက်တဲ့အချိန် မနက်ပိုင်းကို မိုးတအားရွာမှ ဆန်ရေစပါးပေါများမယ်။ လယ်ယာလုပ်ငန်း အောင်မြင်မယ်လို့ အတိတ်နမိတ် ရှိတယ်။ မနှစ်ကတော့ ပြောသလောက်မရွာဘူး။ ဒီနှစ်ကတော့ မနက်က တော်တော်လေး မိုးမိတယ်။ ဒီတော့ ဒီနှစ်မှာ ဆန်ရေစပါးကောင်းမယ့် သဘောရှိတယ်”ဟု တုန်းပေါရွာနေ ဦးအဒိုးက ပြောဆိုသည်။

ယင်းပွဲတော်ကို နှစ်စဉ် နယုန်လပြည့်ကျော် (၁၀) ရက်နေ့တွင် ကျင်းပပြုလုပ်ကြခြင်းဖြစ်သော်လည်း ယခုနှစ် နယုန်လပြည့်ကျော် (၁၀) ရက်နေ့သည် ဗုဒ္ဓဟူးနေ့ ဖြစ်ခြင်းကြောင့် အင်္ဂါ၊ဗုဒ္ဓဟူးနေ့များသည် နတ်အစားမစားသည့် ရက်အဖြစ် အယူရှိသည့်အတွက် ကြာသပတေးနေ့ နယုန်လပြည့်ကျော် (၁၁) ရက်နေ့တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ကာ အဆိုပါပွဲသို့ အမျိုးသမီးများ မတက်ရောက်ရကြောင်း ကျေးရွာသားများထံမှ စုံစမ်းသိရသည်။

No comments:

Post a Comment