Thursday, June 13, 2019

လက်ရှိတက္ကသိုလ်ဝင်တန်းနှင့် KG+12 စနစ်သစ်အကြောင်း

ခုနှစ် ဇွန်လ ၈ ရက်နေ့က တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများထွက်ရှိခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနှင့် စာဖြေသူပေါင်း ၈၅၁၅၂၄ ဦးဖြေဆိုခဲ့ကြကာ ၂၆၇၆၉၆ ဦး အောင်မြင်သည်ဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာသည်။ ကျရှုံးသူပေါင်းမှာ ၅၈၃၈၂၈ ဦးရှိလေသည်။ ရာခိုင်နှုန်းအားဖြင့်ဆိုရသော် ၃၁.၄၄ ရာခိုင်နှုန်းသာ အောင်မြင်၍ ယမန်နှစ်ကထက် နည်းပါးကြောင်း သိရသည်။ ၂၀၁၈ ခုနှစ်အောင်ချက်မှာ ၃၂.၈၃ ရာခိုင်နှုန်း ဖြစ်သောကြောင့် ၁.၃၉ ရာခိုင်နှုန်းကျဆင်းသွားသည်။



တိုင်းဒေသကြီးနှင့် ပြည်နယ်တို့အလိုက် အောင်ချက်ရာခိုင်နှုန်းများ၊ ဘာသာရပ်အလိုက် ဂုဏ်ထူးထွက်ရှိမှုများနှင့် တစ်နိုင်ငံလုံးရမှတ်အများဆုံး စာရင်းဝင်ကျောင်းသား၊ ကျောင်းသူများ (Top Ten) တို့ကိုလည်း အသီးသီးထုတ်ပြန်ကြေညာသည်။

ယခုနှစ် ၂၀၁၉ အတွက် အောင်ချက် အကောင်းဆုံးအဖြစ် မွန်ပြည်နယ်က ၃၇.၅၄ ရာခိုင်နှုန်းဖြင့် ပထမနေရာတွင်ရှိကာ အောင်ချက်အနည်းဆုံးမှာ ချင်း ပြည်နယ်ဖြစ်၍ ၁၉.၅၉ ရာခိုင်နှုန်းသာ အောင်မြင်သည်။ ဘာသာတွဲအမှတ် ၇ အတွက် တစ်နိုင်ငံလုံး အမှတ်အများဆုံးအဖြစ် ၅၅၅ မှတ်ဖြင့် အထက ၄ အလုံ၊ ရန်ကုန် တိုင်းဒေသကြီးမှ မောင်ကျော်လင်းသန်း ကရရှိခဲ့သည်။ ဘာသာစုံဂုဏ်ထူးရရှိသူ ၅၃၇ ဦးရှိခဲ့ပြီး စုစုပေါင်း ဂုဏ်ထူးရရှိသူ ၄၃၀၂၂ ဦးရှိကြောင်း သိရသည်။

ဘာသာရပ်အလိုက်ဂုဏ်ထူးရရှိမှုအားဖြင့် မြန်မာစာ ၅၉၄၀ဦး၊ အင်္ဂလိပ်စာ ၁၉၁၉ ဦး၊ သင်္ချာ ၅၂၉၆ ဦး၊ ဓာတုဗေဒ ၆၈၄၁ ဦး၊ ရူပဗေဒ ၅၂၇၈ ဦး၊ ဇီဝဗေဒ ၁၉၂၅၈ ဦး၊ သမိုင်း ၄၀၁၈ ဦး၊ ပထဝီ ၉၆၃၄ ဦး၊ ဘောဂဗေဒ ၁၀၈၀၉ ဦး တို့ဖြစ်ကြောင်းလည်း သိရှိရပါသည်။

လက်ရှိတက္ကသိုလ်ဝင်တန်းတွင် ပြဋ္ဌာန်းထားသော ဘာသာရပ် ၉ မျိုးရှိသည်။ ၎င်းတို့မှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒနှင့် စိတ်ကြိုက်မြန်မာစာတို့ဖြစ်သည်။

ဘာသာတွဲအမျိုးအစား ၈ တွဲရှိသည်။ ယင်းတို့မှာ ဘာသာတွဲအမှတ် ၁ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ)၊ ဘာသာတွဲအမှတ် ၂ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒ)၊ ဘာသာတွဲအမှတ် ၃ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာ)၊ ဘာသာတွဲအမှတ် ၄ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ဘောဂဗေဒ၊ စိတ်ကြိုက်မြန်မာစာ)၊ ဘာသာတွဲအမှတ် ၅ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သမိုင်း)၊ ဘာသာတွဲအမှတ် ၆ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ စိတ်ကြိုက်မြန်မာစာ)၊ ဘာသာတွဲအမှတ် ၇ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ)၊ ဘာသာတွဲအမှတ် ၈ (မြန်မာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ပထဝီဝင်) တို့ဖြစ်ကြသည်။

အဆိုပါ ဘာသာတွဲ ၈ တွဲတွင် ကျောင်းသူ၊ ကျောင်းသားများ အယူများသော ဘာသာတွဲများမှာ ဘာသာတွဲ ၁၊ ၂ နှင့် ၇ တို့ဖြစ်ကြသည်။ ဘာသာတွဲ ၂ မှာ ဝိဇ္ဇာတွဲသီးသန့်ဖြစ်ကာ ဘာသာတွဲ ၇ မှာ သိပ္ပံတွဲ သီးသန့်ဖြစ်သည်။ ဘာသာတွဲ ၁ ကို ဝိပ္ပံဟု အလွယ် ခေါ်နေကြသည်။ ထိုအခေါ်မှားပါသည်။ တရားဝင် အသုံးမရှိပါပေ။ စိတ်ကြိုက်မြန်မာစာပါသော အတွဲ ၃၊ ၄ နှင့် ၆ တို့ကို ယူသော ကျောင်းသား၊ ကျောင်းသူမှာ တစ်နိုင်ငံလုံးအတိုင်းအတာ အနေနှင့်ဆိုသော် နည်းပါးပါလိမ့်မည်။ အဆိုပါစိတ်ကြိုက်မြန်မာစာကို ကျွမ်းကျွမ်းကျင်ကျင် သင်ပြနိုင်သော ဆရာ၊ ဆရာမလည်း ရှားမည်ဖြစ်ကာ စိတ်ဝင်စားသော ကျောင်းသား၊ ကျောင်းသူကလည်း မရှိသလောက်ပင် ဖြစ်နေပါသည်။

အခြေခံပညာကဏ္ဍ ပညာရေးပြုပြင်ပြောင်းလဲမှုအဖြစ် KG+12 အစီအစဉ်အား ဒုတိယ ၅ နှစ် အတွင်းပြောင်းလဲမည့် အစီအစဉ်ဇယားကို ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

ထိုအစီအစဉ်အရ KG တန်းကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စတင်၍ အကောင်အထည်ဖော်ကာ ပြောင်းလဲသင်ကြားခဲ့သည်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် Grade-1 သင်ရိုးကို ဆက်လက်ပြောင်းလဲကာ သင်ကြားခဲ့ပါသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် Grade-2 သင်ရိုးပြောင်းလဲခဲ့ပြီ ဖြစ်သည်။

၂၀၁၉ -၂၀၂၀ ပညာသင်နှစ်တွင် Grade-3 နှင့် Grade-6 သင်ရိုးများ ပြောင်းလဲသင်ကြားနေပြီ ဖြစ်ပါသည်။ ယခုပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပဦးမည်ဖြစ်သည်။

၂၀၂၀ -၂၀၂၁ ပညာသင်နှစ်တွင် Grade-4၊ Grade-7 နှင့် Grade-10 သင်ရိုးများ ပြောင်းလဲမည်ဖြစ်ကာ ၎င်းပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲများရှိတော့မည်မဟုတ်ပေ။

၂၀၂၁ -၂၀၂၂ ပညာသင်နှစ်တွင် Grade-5၊ Grade-8 နှင့် Grade-11 အတန်းများအတွက် သင်ရိုးများ ပြောင်းလဲမည်ဖြစ်ပါသည်။ ဤနှစ်တွင်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲမရှိပေ။

၂၀၂၂ -၂၀၂၃ ပညာသင်နှစ်တွင် Grade-9 နှင့် Grade-12 သင်ရိုးများ အပြီးသတ် ပြောင်းလဲမည်ဖြစ်သည်။ အခြေခံပညာပြီးမြောက်ခြင်းစစ်ဆေး ခြင်းပြီးစီးကြောင်းအသိအမှတ်ပြုလက်မှတ် Completion Certificate ချီးမြှင့်မည်။

အဆိုပါ လက်မှတ်ရသူတိုင်း သက်မွေးဝမ်း ကျောင်းပညာသင်ကျောင်းများတွင် မိမိနှစ်သက်ရာကို ရွေးချယ်တက်ရောက်နိုင်ကြမည် ဖြစ်ပါသည်။

အဆိုပါ လက်မှတ်ရသူတိုင်း မိမိဆက်လက်သင်ကြားလိုရာ တက္ကသိုလ်ပညာကိုဝင်ခွင့်ဖြေဆိုပြီး အောင်မြင်ပါက ဆက်လက်သင်ကြားနိုင်ကြပါသည်။

ဤတွင်၂၀၂၀ -၂၀၂၁ ပညာသင်နှစ်နှင့် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် ၂ နှစ်တွင် သင်ရိုးဟောင်း ကျရှုံးသူများအတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲရှိသေး သည်။ အခြေခံပညာရေးပြီးဆုံးသည်အထိ အခမဲ့ပညာရေးစနစ်ဖြစ်ပါသည်။

ယခင်သင်ရိုးဟောင်းတွင် သူငယ်တန်းကို Grade-1 ဟုသတ်မှတ်ကာ တက္ကသိုလ်ဝင်တန်းကို Grade-11 ဟု သတ်မှတ်ထာသည်။ သူငယ်တန်းအတွက် အသက် ၅ နှစ်မှစတင်လက်ခံသင်ကြားကာ Grade-11 ရောက်လျှင် အသက် ၁၅ နှစ်ရှိပြီဖြစ် ပေမည်။ အခြေခံအထက်တန်းအထိ စုစုပေါင်း ၁၁ နှစ်ကြာမြင့်မည်လည်း ဖြစ်ပါသည်။ သူငယ်တန်းမှ စတုတ္ထတန်းအထိကို မူလတန်း၊ ပဉ္စမတန်းမှ အဋ္ဌမတန်းအထိကို အလယ်တန်း၊ နဝမတန်းမှတက္ကသိုလ်ဝင်တန်းအထိကို အထက်တန်းဟူ၍ ပိုင်းခြားသတ်မှတ်ထားပါသည်။

ယခုသင်ရိုးသစ်တွင် KG တန်းကို Grade-1 ဟုသတ်မှတ်၍ တက္ကသိုလ်ဝင်တန်းကို Grade-12 ဟု သတ်မှတ်ထားသည်။ KG တန်းအတွက် အသက် ၅ နှစ်မှ စတင်လက်ခံကာ Grade-12 ရောက်ချိန်တွင် အသက် ၁၇ နှစ်သို့ ရောက်ရှိနေမည် ဖြစ်သည်။ KG မှသည် Grade-12 အထိ အခြေခံပညာရေးကဏ္ဍသည် ၁၃ နှစ် ကြာမြင့်မည်လည်း ဖြစ်ပါသည်။ ဤ စနစ်သစ်တွင် KG မှသည် Grade-5 အထိကို မူလတန်း၊ Grade-6 မှ Grade-9 အထိကို အလယ်တန်း၊ Grade-10 မှ Grade-12 အထိကို အထက်တန်းအဆင့်ဟူ၍ ပိုင်းခြားသတ်မှတ်ထားပါသည်။

လက်ရှိတွင် မြို့ကြီးများရှိ အစိုးရအခြေခံ ပညာကျောင်းများ၌ တက္ကသိုလ်ဝင်တန်းကျောင်းသူ၊ ကျောင်းသားများ တက်ရောက်မှုမှာ သိသိသာသာ လျော့နည်းလာပြီး နာမည်ကြီး ကိုယ်ပိုင်ကျောင်းများတွင်မူ လွန်စွာများပြားလျက်ရှိသည်။ အချို့သော နာမည်ကြီး ကိုယ်ပိုင်ကျောင်းများက ဝင်ခွင့်ဖြင့် စိစစ်လက်ခံကာ အခြေခံကောင်း၍ စာကြိုးစားသူများ၊ တစ်နည်းအားဖြင့် စာတော်သူ၊ သေချာပေါက်ထူးချွန်မည့်သူများကိုသာ ရွေးချယ်လက်ခံကာ သင်ကြားနေကြသည်။ နယ်များရှိ အစိုးရအခြေခံကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများတွင်မူ တက္ကသိုလ်ဝင်တန်းကျောင်းသူ၊ ကျောင်းသားများ တက်ရောက်သင်ယူနေကြသည်ကို တွေ့နိုင်ပါသေးသည်။

No comments:

Post a Comment