Thursday, June 13, 2019

နိုင်ငံတောင်ပိုင်းကို ပစ်ခတ်သည့် အစ္စရေးဒုံးကျည် အများအပြားကို ဆီးရီးယားပစ်ချ

နိုင်ငံတောင်ပိုင်းကို ပစ်ခတ်ခဲ့တဲ့ အစ္စရေးဒုံးကျည် အများအပြားကို ပစ်ချခဲ့တယ်လို့ ဆီးရီးယား နိုင်ငံပိုင်ရုပ်သံ SANA က ဇွန်လ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။ နိုင်ငံတောင်ပိုင်း တာအယ်ဟာလာမြို့ကို ပစ်ခတ်တဲ့ အစ္စရေးဒုံးကျည်တွေကို ဆီးရီးယားလေကြောင်းကာကွယ်ရေးက ပစ်ချခဲ့တာပါ။ အစ္စရေး သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ကနေ ကြည့်ရင် တာအယ်ဟာလာမြို့ကို ဗျူဟာမြောက်တောင်ကုန်းအဖြစ် ယူဆထားပါတယ်။



ဆီးရီးယား အနောက်မြောက်ပိုင်းမှာတော့ ဇွန်လ ၁၀ ရက်နေ့ လေကြောင်းတိုက်ခိုက်မှု အတွင်း အရပ်သားအများစု အပါအဝင် ၂၅ ယောက်ထက်မနည်း သေဆုံးတယ်လို့ ဒေသခံတွေနဲ့ အရပ်ဘက်ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။

ရုရှားဦးဆောင်တဲ့ လေကြောင်းထိုးစစ် သီတင်း ၆ ပတ်မြောက်မှာ အခုချိန်ထိ ရာနဲ့ချီတဲ့ အရပ်သားတွေ သေဆုံးခဲ့ပါတယ်။

အီဒလစ်ပြည်နယ် မားရှုရင်နဲ့ ဂျက်ဘာလာမြို့တွေမှာ ကယ်ဆယ်ရေးဝန်ထမ်းတွေက အသက်ရှင်သူတွေကို ရှာဖွေပြီး အပျက်အစီးတွေကြားထဲက ရုပ်အလောင်းတွေကို ဆွဲထုတ်နေတဲ့ ဗွီဒီယိုဖိုင် ထွက်ပေါ်လာပါတယ်။

နောက်ဗွီဒီယိုဖိုင်တခုမှာတော့ နိုင်ငံမြောက်ပိုင်း ဟမ်မာမြို့ကို လေကြောင်းထိုးစစ် ဆင်နွှဲနေတာပါ။ အဲဒီ လေကြောင်းထိုးစစ်တွေဟာ အရပ်သားနေရာတွေကို ပစ်မှတ်ထားတယ်၊ အတိုက်အခံထိန်းချုပ်တဲ့ ဒေသတွေက နေ့စဉ် လူနေမှုဘဝတွေကို ပျက်ယွင်းအောင် လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဆီးရီးယားနဲ့ ရုရှားစစ်တပ်က ငြင်းဆိုပြီး သူတို့ဟာ အိုင်အက်စ် စစ်သွေးကြွတွေကို တိုက်နေတာဖြစ်တယ်လို့ တုံ့ပြန်ပြောခဲ့ပါတယ်။

No comments:

Post a Comment