Thursday, June 13, 2019

ထိုင်းတွင် အလှကုန်နှင့် ဖြည့်စွက်အစားအစာများ လိမ်လည်ကြော်ငြာပေးခဲ့သူ မင်းသား၊ မင်းသမီး ၁၃ ဦးကို တရားစွဲမည်

ထိုင်းနိုင်ငံတွင် လိုင်စင်မဲ့လည်းဖြစ်၊ စံချိန်စံညွှန်းလည်း မပြည့်မီသော အလှကုန်ပစ္စည်းနှင့် ဖြည့်စွက်အစားစာများကို ကြေညာပေးခဲ့သည့် မင်းသား၊ မင်းသမီး ၁၃ ဦးကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ မင်းသား၊ မင်းသမီးများကို ဇွန်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း ၎င်းတို့ပေါ် တရားစွဲဆိုထားသည့်အမှုများကို လာရောက်ကြားနာရန် ထိုင်းရဲတပ်ဖွဲ့က ဆင့်ခေါ်ထားသည်။



ထို့ပြင် အခြား မင်းသား၊ မင်းသမီး ၂၄ ဦးကိုလည်း တရားစွဲသင့်၊ မသင့်နှင့် ပတ်သက်၍ အစားအစာနှင့် ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (FDA) က ခေါ်ယူ စစ်ဆေးလျက်ရှိကြောင်း ထိုင်းအမျိုးသားလက်ထောက်ရဲချုပ် ဝီရာချိုင် ဆောင်မတ်တာက ပြောကြားသည်။

ထိုင်း အစားအစာနှင့် ဆေးဝါးထိန်းချုပ်ရေးအဖွဲ့က မင်းသား၊ မင်းသမီး ၁၀ ဦးကို Mezzo Serum အမှတ်တံဆိပ်အလှကုန်ပစ္စည်း ကြေညာရာတွင် ကုန်ပစ္စည်းအရည်အသွေးအပေါ် ချဲ့ကားပြောဆိုမှုဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။

ကျန်သုံးဦးမှာ Slim Milk နှင့် Fern Ceo အစားအစာများကို ကြော်ငြာရာတွင် ကုန်ပစ္စည်း၏ အသုံးဝင်မှု၊ အရည်အသွေးများကို လိမ်လည်ကြော်ငြာခဲ့ခြင်းကြောင့် ထိုင်း FDA က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် Magic Skin အလှကုန်ပစ္စည်းကြော်ငြာမှုနှင့် ပတ်သက်၍ လူသိထင်ရှားသူ ၅၄ ဦးကိုလည်း ထိုင်းအစိုးရတာဝန်ရှိသူများက ခေါ်ယူသတိပေးခဲ့သည်။

ယင်းပစ္စည်းများကို အတည်ပြုပေးခဲ့သူ ၁၇ ဦးကိုလည်း ထိုင်းဘတ်ငွေ ၅,၀၀၀ ချမှတ်ခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

No comments:

Post a Comment