Thursday, June 13, 2019

အစည်းအဝေးကို တားမြစ်သည့် မြန်မာစစ်သံမှူး၏လုပ်ရပ် NCA ချိုးဖောက်ရာရောက်ဟု KNU အထွေထွေအတွင်းရေးမှူးချုပ်ပြော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထိခိုက်လာနိုင်ကြောင်း မြန်မာစစ်သံမှူးက သုံးသပ်ကာ အစည်းအဝေးကိုတားမြစ်ခြင်းဖြစ်နိုင်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူပြော

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုး ၁၀ ဖွဲ့၏  ချင်းမိုင်မြို့တွင် ပြုလုပ်မည့် အစည်းအဝေးကို တားမြစ်သော ထိုင်းနိုင်ငံရှိ မြန်မာစစ်သံ မှူး၏ လုပ်ဆောင်ချက်သည် NCAကို ချိုးဖောက်ရာရောက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေး မှူးချုပ် ပဒိုစောတာဒိုမူးက ပြော သည်။

NCA လက်မှတ်ထိုးအဖွဲ့များ နှင့် မထိုးရသေးသည့် အဖွဲ့များ ပါဝင်နိုင်မည့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ် အတိုင်ပင်ခံ အစည်းအဝေး (PPCM) စုဖွဲ့ရန် သင့်၊မသင့်နှင့် ပတ်သက်ပြီး ဇွန်လ ၈ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်မည့် အပစ်ရပ် ၁၀ ဖွဲ့၏ အလုပ်အဖွဲ့များ အစည်းအဝေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက် နိုင်သည်ဆိုကာ မြန်မာစစ်သံမှူးက တားမြစ်၍ ထိုင်းအာဏာပိုင်များက အစည်းအဝေး ကျင်းပခွင့်မပြုခဲ့ပေ။

‘‘အခုလို တားဆီးတာက NCA အခန်း (၆ )၊ ပုဒ်မ ၂၄ (က) ကိုတောင် ချိုးဖောက်ရာကျတယ်။ အဲဒါကြောင့် သက်ဆိုင်ရာတာဝန် ရှိသူ ကိုယ်စားလှယ်တွေနဲ့ NCAS EAO ခေါင်းဆောင် တွေအကြား အလျင်အမြန်ညှိနှိုင်း ဆွေးနွေးဖို့ လိုလာပြီဆိုတဲ့ အချက်ကိုတွေ့ပါတယ်’’ဟု ပဒိုစောတာဒိုမူး က ပြောသည်။

ပုဒ်မ ၂၄(က)တွင် အစိုးရသည်မည်သူတစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းကိုမျှ ဥပဒေကို ချိုးဖောက်ခြင်းမှအပ ဤပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ချုပ်ဆိုရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခြင်းကြောင့် ဖမ်းဆီးအရေးယူမှုများ မပြုလုပ်ရန် သဘောတူညီသည်ဟု ပါရှိသည်။

‘‘ကျွန်တော်တို့ ဒီဘက်က လုပ်ဆောင်ချက်သည် NCA ချိုးဖောက်တာနဲ့တော့ မဆိုင်ဘူးလို့ထင်ပါတယ်’’ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ယခုဖြစ်စဉ်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကုန်လုံး ပါဝင်နိုင်ခွင့်ကို ပိတ်ပင်ခြင်းမဟုတ် ကြောင်း၊ PPST ကို ဖျက်သိမ်းကာ PPCM ဖွဲ့စည်းရန် ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး NCA လက်မှတ်ထိုး အဖွဲ့အစည်းများ ကြား၌ပင် သဘောမတူခြင်းများ ရှိသည်ကို ကြားသိရကြောင်း၊ ထိုအခြေအနေတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်လာနိုင် ကြောင်း မြန်မာစစ်သံမှူးက သုံးသပ်ကာ အစည်းအဝေးကို တားမြစ်ခြင်းဖြစ်နိုင်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရှင်းပြသည်။

 အစည်းအဝေးတားမြစ် သည့် ဖြစ်စဉ် ထပ်မံမဖြစ်ပွားရေး တိုင်ပင်ညှိနှိုင်းရမည်ဖြစ်ကြောင်း၊   NCA လက်မှတ်ထိုးထားသည့် အဖွဲ့နှင့် မထိုးထားသည့် အဖွဲ့များအကြား ညှိနှိုင်းဆောင်ရွက်မှု သည် NCA အရ ထိခိုက်စရာ မရှိသကဲ့သို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ပိုမိုပွင့်လင်းမြင်သာ စေမည်ဖြစ်ကြောင်း KNU အထွေထွေ အတွင်းရေးမှူးချုပ်က ပြော သည်။ PPCM ဖွဲ့စည်းရေးကိစ္စကို KNU က အဆိုပြု ထားခြင်းဖြစ်ပြီး ယင်းအဆိုပြုချက်ကို သဘောမတူ ကြောင်း တိုင်းရင်းသား ခေါင်းဆောင်အချို့က ထုတ်ဖော်ပြော ကြားထားသကဲ့သို့ KNU အတွင်းသဘောထား ကွဲလွဲမှုပင်ရှိနေသည်ဟူသော သုံးသပ်မှုများလည်းရှိသည်။

No comments:

Post a Comment