Thursday, June 13, 2019

အမေရိကန်က ပိုလန်သို့ တပ်ဖွဲ့ဝင် ၁၀၀၀ ခန့် ထပ်မံစေလွှတ်ရန် စီစဉ်

ရုရှားစစ်တပ်၏ လှုပ်ရှားမှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်နေသည့် ပိုလန်နိုင်ငံ၏ ကိုယ့်ကိုယ်ကိုယ်ကာ ကွယ်ရေးစွမ်းရည်ကို အားဖြည့်ပေးရန်အတွက် အမေရိကန်က နောက်ထပ်တပ်ဖွဲ့ဝင် ၁ဝဝဝနှင့် Reaper ဒရုန်းတပ်ဖွဲ့တစ်ဖွဲ့ကို စေလွှတ်မည့်အကြောင်း ဇွန် ၁၂ ရက်တွင် ထုတ်ပြန်မည်ဟု အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။ေ နာက်ဆုံး အသေးစိတ်အချက် အလက်များကို ဇွန် ၁၁ ရက်အထိ ဆွေးနွေးနေဆဲဖြစ်သည်။ ပိုလန်တွင် အမေရိကန်အခြေစိုက်စခန်းတစ်ခုထားရှိရန် မျှော်လင့်နေသည့် ပိုလန်ခေါင်းဆောင်များက လနှင့်ချီ တောင်းဆိုခဲ့ပြီးနောက် ယင်းနိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင်များ ချထားမှုကိုချဲ့ထွင်မည့် ဆုံးဖြတ်ချက် ချမှတ်မည်ဖြစ်သည်။



“ပိုလန်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ ထားရှိမှုနဲ့ပတ်သက်ပြီး ဇွန် ၁၂ ရက်မှာ အရေးပါတဲ့ကြေညာချက်တစ်ခုကို ထုတ်ပြန်မှာပါ” ဟု အမေရိကန်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကနဦးသဘောတူညီချက်တွင် ပိုလန်နိုင်ငံ၌ အမြဲတမ်းအမေရိကန်အခြေစိုက်စခန်း(သို့မဟုတ်) အမြဲတမ်းတပ်ဖွဲ့ဝင်များ ရှိမှုကို ရှောင်လွှဲပြီး ယင်းအစား အလှည့်ကျ တပ်ဖွဲ့တစ်ဖွဲ့ ထားရှိမည်ဟု တာဝန်ရှိသူများက ဇွန် ၁၁ ရက်တွင် ပြောကြားခဲ့သည်။ လတ်တလောတွင် ပိုလန်၌ အမေရိကန်တပ်ဖွဲ့ဝင် ၄၅၀၀ ခန့်ကို အလှည့်ကျ ပုံမှန် စေလွှတ်ထားသည်။

Drawsko Pomorskie မြို့တွင် တည်ဆောက်ထားသည့် တိုက်ခိုက်ရေး လေ့ကျင့်သင်တန်းကျောင်း အသစ်တစ်ခုနှင့် အနာဂတ်တွင် နောက်ထပ်အဆောက်အအုံသစ်များအတွက် လေယာဉ်အသစ်များ တောင်းဆိုထားသည်။ ပိုလန်နိုင်ငံအတွက် ပိုမိုအားထားရသည့် စစ်ရေးသတင်း ပံ့ပိုးပေးရန် Reaper ဒရုန်းများကို အသုံးပြုမည်ဟု အမေရိကန်တာဝန်ရှိသူများကပြော ကြားခဲ့သည်။ အမေရိကန်သည် ပိုလန်တွင် စစ်ဌာနချုပ်တစ်ခု တည်ဆောက်ရန်လည်း မျှော်မှန်းထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ပိုလန်သမ္မတ Andrzej Duda တို့ အိမ်ဖြူတော်၌ တွေ့ဆုံမည့် ဇွန် ၁၂ ရက်တွင် ယင်းကြေညာချက်ကို ထုတ်ပြန်သွားမည်ဟု ခန့်မှန်းရသည်။ ပိုလန်တွင် အမေရိကန်တပ်ဖွဲ့ဝင်များ တိုးမြှင့်ထားရှိရန်အတွက် စေ့စပ်ဆွေးနွေးမှုသည် အောင်မြင်ခဲ့သည်ဟု Duda ၏ လက်ထောက်တစ်ဦးက ပြောကြားခဲ့သည်။ ပိုလန်တွင် အမေရိကန်တပ်ဖွဲ့ဝင်များ ရှိနေမှုက အရည်အချင်းအပြင် အရေအတွက်ကိုပါ တိုးတက်စေမည်ဟု သမ္မတအကြံပေး Krzyszfof Szczerski က ပြောကြားခဲ့သည်။

ဖြစ်နိုင်မည်ဆိုပါက ပိုလန်တွင် အမေရိကန် အမြဲတမ်း စစ်အခြေစိုက်စခန်းတစ်ခု ထားရှိစေလိုပြီး ယင်းအခြေစိုက်စခန်းကို Fort Trump ဟု ခေါ်ဆိုမည်ဖြစ်ကြောင်း ပိုလန်ခေါင်းဆောင်များက ယခုနှစ်အစောပိုင်းတွင် ပြောကြားခဲ့သည်။

လက်ရှိတွင် အမေရိကန်တပ်ဖွဲ့ဝင် အလှည့်ကျထားရှိမှုအား တိုးမြှင့်မှုကို ပိုမို လက်တွေ့ကျသည့် ဆောင်ရွက်မှုတစ်ခုအဖြစ် ယူဆခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ရုရှားက ယူကရိန်း၏ ခရိုင်းမီးယားကျွန်းဆွယ်ကို တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် အမေရိကန်သည် နေတိုးမဟာမိတ်များနှင့်အတူပူးပေါင်းပြီး ဥရောပတွင် စစ်ဘက်ဆိုင်ရာဆောင်ရွက်မှုများကို မြှင့်တင်ခဲ့သည်။

No comments:

Post a Comment