Thursday, June 13, 2019

တရုတ်၏ ဈေးသက်သာသည့်ဆန်များ တိုးမြှင့်တင်ပို့မှုက ထိုင်းဆန်တင်ပို့မှုကို ခြိမ်းခြောက်လာ

အာဖရိကဈေးကွက်သို့ ဈေးသက်သာသည့် တရုတ်ဆန်များကို ယခုနှစ်အတွင်း တိုးမြှင့်တင်ပို့ဖွယ်ရှိသဖြင့် ထိုင်းဆန်တင်ပို့မှုအတွက် စိုးရိမ်ဖွယ်ဖြစ်လာနေကြောင်း သိရသည်။ တရုတ်နိုင်ငံက ပျမ်းမျှအားဖြင့် နှစ်စဉ် ဆန်တန်ချိန် သန်း(၁၂၀)ဝန်းကျင် ထုတ်လုပ်နေပြီး ဆန်တင်ပို့မှုလည်း မြင့်တက်လာနေရာ လွန်ခဲ့သည့်နှစ်က ဆန်တန်ချိန် (၁)သန်းခွဲမှ (၂)သန်းအထိတင်ပို့နေရာမှ ယခုနှစ်တွင် တန်ချိန်(၃)သန်းအထိ တင်ပို့ဖွယ်ရှိသည်ဟု ထိုင်းဆန်တင်ပို့သူများအသင်း ဂုဏ်ထူးဆောင် ဥက္ကဌ ချူခေတ်အော့ဖ်ဝန်းဆီက ပြောကြားသည်။



လက်ရှိ အာဖရိကဈေးကွက်မှာ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယစသည့် အခြားနိုင်ငံများထက် ဈေးသက်သာနေသည့် တရုတ်ဆန်များ၏ အဓိကဈေးကွက်ဖြစ်နေကြောင်း သိရသည်။

ဆန်ဖြူတစ်တန်လျှင် ထိုင်းနိုင်ငံက အမေရိကန်ဒေါ်လာ (၃၉၀)၊ ဗီယက်နမ်က အမေရိကန်ဒေါ်လာ(၃၆၀)နှင့် အိန္ဒိယက အမေရိကန်ဒေါ်လာ (၃၇၀)ဈေးပေါက်နေသော်လည်း တရုတ်က အမေရိကန်ဒေါ်လာ (၃၀၀)ဖြင့် တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံအနေဖြင့် ပြီးခဲ့သည့်နှစ်က ဆန်တန်ချိန် (၅.၄၉)သန်းတင်ပို့ခဲ့ရာ ၂၀၁၇ ခုနှစ်ကထက် (၅)ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် ဆန်အမျိုးအစားများစွာကို စိုက်ပျိုးနေသည့်အပြင် စိုက်ပျိုးမှုကိုလည်းတိုးချဲ့နေရာ အာရှနိုင်ငံများအထိပါ ဈေးသက်သာသည့်ဆန်များ တင်ပို့လာဖွယ်ရှိသည်ဟု ခန့်မှန်းထားကြသည်။

ဆန်တင်ပို့မှုထိပ်တန်းနိုင်ငံတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံအနေဖြင့် ဈေးကွက်ဆုံးရှုံးမှုမရှိစေရန် ဆန်စပါးသုတေသနလုပ်ငန်းများအား ပံ့ပိုးခြင်း၊ ထုတ်ကုန်တန်ဖိုးမြှင့်တင်ခြင်းနှင့် လယ်သမားများအတွက် ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချနိုင်ရန်တို့အတွက် အစိုးရသစ်အနေဖြင့် လုပ်ဆောင်ပေးသင့်သည်ဟု ဆန်တင်ပို့သူများအသင်း ဥက္ကဌက ဆိုသည်။

No comments:

Post a Comment