Friday, July 5, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဧရာတီတိုင်းခရီးစဉ်အတွင်း လွှတ်တော်ကိုယ်စားလှယ်များနှင့်ပတ်သက်၍ တင်ပြတိုင်ကြားခဲ့သည့် အမှုငါးမှုကိုစစ်ဆေးရန် နိုင်ငံတော်သမ္မတရုံးညွှန်ကြားချက်အရ လွှတ်တော်စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဧရာဝတီတိုင်းဒေသကြီး ခရီးစဉ်များအတွင်း ပြည်သူများမှ တင်ပြတိုင်ကြားခဲ့ကြသည့် တိုင်ကြားစာများအနက် လွှတ်တော်ကိုယ်စားလှယ်များနှင့်ပတ်သက်ပြီး တိုင်ကြားခံရသည့် အမှုငါးမှုအား နိုင်ငံတော်အတိုင်ပင်ခံရုံးနှင့် သမ္မတရုံး၏ ညွှန်ကြားချက်အရ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်စစ်ဆေးရေးအဖွဲ့အား ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးကာ နိုင်ငံတော်သမ္မတရုံးထံ ပြန်လည်တင်ပြမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဇူလိုင် ၄ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အရေးပေါ်အစည်းအဝေး ဒုတိယနေ့တွင် နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ညွှန်ကြားချက်အရ လွှတ်တော်အတွင်း လွှတ်တော်စစ်ဆေးအဖွဲ့အား ဖွဲ့စည်းခဲ့သည်။



“နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ခရီးစဉ်များအတွင်းမှာ ပေးပို့လာတဲ့ ပန်းတနော်မြို့ နယ်၊ မအူပင်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ ညောင်တုန်းမြို့နယ်တို့မှ တင်ပြတိုင်ကြားစာများထဲမှ အမှုငါးခုနှင့် စပ်လျဉ်းပြီးတော့ နိုင်ငံတော် သမ္မတရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးများမှ တိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကို စိစစ်တင်ပြနိုင်ရေး စစ်ဆေးမှုများ ပြုလုပ်ဖို့အတွက်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥပဒေ ပုဒ်မ ၂၄ အရ လွှတ်တော်စစ်ရေးအဖွဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၇-၆-၂၀၁၉ ရက်စွဲပါ အမိန့် အမှတ် ၁၃/၂၀၁၉ နှင့် ဦးဌေးအောင် ဝါးခယ်မ(၁)၊ ဦးခင်ဝင်း ဒေးဒရဲ (၂)၊ ဦးကျော်ဇေယျ ကျိုက်လတ် (၁)တို့ သုံးဦးပါဝင်တဲ့ အဖွဲ့အား လုပ်ငန်းတာဝန်များ သတ်မှတ်၍ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး စစ်ဆေးတွေ့ရှိ ချက် အစီရင်ခံစာ ပြန်လည်ပေးပို့ပြီးစီးသည်အထိ အဖွဲ့၏ သက်တမ်းကို ယာယီထားသတ်မှတ်ကြောင်း လွှတ်တော်ကို အသိပေးကြေညာပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဌ ဦးအောင်ကျော်ခိုင်က ပြော သည်။


အဆိုပါတင်ပြတိုင်ကြားမှုငါးမှုနှင့် စပ်လျဉ်းပြီး လွှတ်တော်စစ်ဆေးရေးအဖွဲ့က သုံးမှုကို စစ်ဆေးပြီးဖြစ်သည့်အတွက် စစ်ဆေးတွေ့ရှိမှုအခြေအနေကို လုံခြုံမှုအဆင့်အတွင်းရေးသတ်မှတ်ပြီး နိုင်ငံတော်သမ္မတရုံး နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးသို့ ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် ကျန်နှစ်မှုမှာ ကြားနားစစ်ဆေးဆဲဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌဌက လွှတ်တော်သို့ အသိပေးခဲ့သည်။   

လွှတ်တော်စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး အဖွဲ့ခေါင်းဆောင် ဝါးခယ်မမြို့နယ် မဲဆန္ဒနယ် (၁) မှ ဦးဌေးအောင်က “အစ်မကြီး ဒေါ်အောင်ဆန်းစုကြည် လာသွားတဲ့အခါမှာ အစ်မကြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေကနေပြီးတော့ တိုင်စာပေးလိုက်တယ်။ အဲဒီတိုင်စာပေးလိုက်တဲ့အခါကျတော့ နိုင်ငံတော်အတိုင်ပင်ခံကနေပြီးတော့ နိုင်ငံတော်သမ္မတရုံးကို ပို့တယ်၊ သမ္မတရုံးကနေပြီးတော့ ဒီဟာကို ဧရာဝတီတိုင်း အစိုးရအဖွဲ့ကို ပို့တယ်၊ ဧရာဝတီတိုင်းအစိုးရ အဖွဲ့ကနေပြီးတော့မှ ကျွန်တော်တို့ လွှတ်တော် ဥက္ကဋ္ဌဌကြီးဆီကို ပို့ပေးတယ်၊ လွှတ်တော်ဥက္ကဋ္ဌဌကြီးကနေ ပြန်ကြည့်လိုက်တဲ့အခါကျတော့ ဒီနေရာမှာ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက အတိုင်ခံရတဲ့အထဲမှာ ပါနေတယ်။ ပါနေတဲ့အတွက် အဲဒီလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အတိုင်ခံရတဲ့တိုင်ကြားချက်တွေ ဒီအမှုတွေကို ကျွန်တော်က ကိုယ်စားလှယ် စိစစ်ရေးဥက္ကဋ္ဌဌလည်း ဖြစ်နေတာကြောင့် ဥပဒေပြုကော်မတီကနှစ်ယောက် သူတို့က ရှေ့နေတွေဆိုတော့ သူတို့နဲ့ကို ဥက္ကဋ္ဌဌကြီးက သူရဲ့လုပ်ပိုင်ခွင့်က ကော်မတီဖွဲ့တယ်။ ဖွဲ့ပြီး အထူးစစ်ဆေးရေးအဖွဲ့ ဖွဲ့ပေးပြီးတော့ ကျွန်တော်တို့ကို အဲဒီနယ်မြေတွေ သွားစစ်ခိုင်းတယ်။ စစ်ခိုင်းတဲ့အခါကျတော့ ကျွန်တော်တို့ ဒီက ပန်းတနော်ကိုယ်စားလှယ်တွေဟာ အလုပ် မလုပ်ဘူး။ နောက်ပြည်သူနဲ့လည်း မထိတွေ့ဘူး။ ဒါကြောင့်မို့လို့ ဒါကြောင့် ဒီဟာကို နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ နည်းနည်းထိန်းကျောင်းပေးဖို့ဆိုပြီး တင်တယ်။ အဲဒီလိုတင်တဲ့အခါကျတော့ ဒီကိုယ်စားလှယ်လေးယောက်ကို ဒီနယ်မြေတွေကို ဆင်း မဆင်း ဒေသဖွံ့ဖြိုးရေးတွေ လုပ်၊ မလုပ်ဆိုတာကို ကျွန်တော်တို့ကသွားပြီး စစ်ရတယ်။ ဒါက ပန်းတနော်။ နောက်ကျောင်းကုန်းကလည်း ဒီလိုပဲ။ ကျောင်းကုန်းကိုယ်စားလှယ်တွေက သူ့ရဲ့နယ်မြေတွေမှာ မဆင်းဘူး။ မလုပ်ဘူး။ ပြည်သူနဲ့အထိအတွေ့မရှိဘူး။ ပါတီနဲ့အထိအတွေ့ မရှိဘူး။ ဒါကိုလည်း အရေးယူပေးပါ လို့တိုင်လို့ ဒါကိုလည်း ဆင်းစစ်ရပါတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ “နောက် မအူပင်ကျတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံး၊ သူ့ကို ကျွဲဒုံးက အုပ်ချုပ်ရေးမှူးလုပ်တဲ့သူက မမှန်မကန်တွေ လုပ်နေတယ်။ ဒါကိုအရေးယူပေးပါဆိုပြီးတိုင်တဲ့အခါကျတော့ ဒီဟာကိုလည်း ကျွန်တော်တို့က သွားရောက်ပြီးတော့ စစ်ရမယ်၊ နောက်ညောင်တုန်းက ဦးကျော်ဆန်း သူ့ကိုလည်း ဒေါက်တာ သန်းထွဋ်ကနေပြီးတော့ သူ့ရဲ့လယ်ယာမြေထဲကို သူ့ရဲ့ခွင့်ပြုချက်မရဘဲနဲ့ ဓာတ်ပုံရိုက်တာတို့ လူအုပ်စုနဲ့ ဝင်တာတို့၊ သူစိုက်ပျိုးလုပ်ကိုင်တာကို ကိုယ်စားလှယ်က ပါဝါတွေသုံးပြီး မမှန် မကန်လုပ်တယ်။ ဒါကြောင့် ဒီကိုယ်စားလှယ်ကို အရေးယူပေးပါဆိုပြီးတိုင်တယ်။ တိုင်တော့ ကိုယ်စားလှယ်နဲ့ ပတ်သက်လို့ အားလုံးက ကျွန်တော်တို့က ကိုယ်စားလှယ်စိစစ်ရေး ကော်မတီဥက္ကဋ္ဌဌ ဖြစ်နေတဲ့အခါကျတော့ ကျွန်တော့်ကို ဥက္ကဋ္ဌဌကြီးက တာဝန်ပေးလိုက်တဲ့အခါကျတော့ ဥပဒေပြုရေးကော်မတီက ဥက္ကဋ္ဌဌနဲ့ အတွင်းရေးမှူးနှစ်ယောက်ရယ်၊ ကျွန်တော်ရယ် ဒါကိုခုံဖွဲ့ပြီးတော့ ခုံဖွဲ့တဲ့ ကျွန်တော်တို့ အဖွဲ့ဟာ သွားရောက်ပြီးတော့ စစ်ဆေးရမယ်။ စစ်ဆေးပြီးတော့ စစ်ဆေးတွေ့ရှိချက်တွေကို ကျွန်တော်တို့က ဥက္ကဋ္ဌဌကြီးဆီ တင်ပေးတယ်။ ဥက္ကဋ္ဌဌကြီးကနေမှတစ်ဆင့် အစိုးရ၊ အစိုးရကနေမှတစ်ခါ နိုင်ငံတော်သမ္မတရုံးကနေ နိုင်ငံတော်အတိုင်ပင်ခံအထိကို အားလုံးအဖြေပြန်ပေးရမယ်” ဟု လွှတ်တော်စုံစမ်းရေးအဖွဲ့ခေါင်းဆောင် ဝါးခယ်မမြို့နယ် မဲဆန္ဒနယ် (၁) မှ ဦးဌေးအောင်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အချို့နှင့်ပတ်သက်၍ ပြည်သူအချို့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တင် ပြတိုင်ကြားမှုများ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံ တင်ပြတိုင်ကြားမှုများ ယခင်ကလည်း ရှိခဲ့ဖူးကြောင်း သိရသည်။ 

No comments:

Post a Comment