Friday, July 5, 2019

အစိုးရ ရုံးဖွင့်ရက်ကို ပါတီအတွက် သုံးခြင်းမဟုတ်ကြောင်း ဒေါက်တာဇော်မြင့်မောင် ပြော

အစိုးရ ရုံးဖွင့်ရက်ကို ပါတီအတွက် သုံးခြင်းမဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်က ဇူလိုင်လ ၅ ရက်နေ့မှာ ကျင်းပသည့် ပါတီ၊ အစိုးရ၊ လွှတ်တော် တွေ့ဆုံပွဲ အဖွင့်မိန့်ခွန်း၌ ပြောကြားခဲ့သည် ။ အဆိုပါ တွေ့ဆုံပွဲကို ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် ဗဟိုအလုပ်အမှုဆောင် ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်အနေဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသူဖြစ်သည် ။



"ပါတီအတွက်ကို ဒီလိုရက် အစိုးရရုံးဖွင့်ရက်တစ်ရက်ကို အသုံးပြုခြင်းမဟုတ်ဘူးဆိုတာတော့ ပဏာမပြောလိုပါတယ် ။ ဒါက လွှတ်တော်ကိုယ်စားလှယ်များနဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့ တွေ့ဆုံခြင်းအခမ်းအနားဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ ပါတီမပါလို့ မရပါဘူး။ ဒါ့ကြောင့် မလို့ ပါတီကို ဖိတ်ကြားတာပါ" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုအလုပ်အမှုဆောင် ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် က ပြောသည် ။

အဆိုပါတွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ မှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပါတီအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေဖြင့် အစိုးရအဖွဲ့ သက်တမ်း (၃) နှစ်ခွဲရှိပြီဖြစ်ပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ပါတီမှ ရွေးကောက်ခံမည့် လူပုဂ္ဂိုလ်များကို အများပြည်သူက စိတ်ဝင်စားမှုရှိနေကြောင်း သိရသည် ။

No comments:

Post a Comment