Friday, July 5, 2019

မီတာခများတိုးမြှင့်လိုက်၍ ဆန်ကြိတ်ခွဲခဈေးနှုန်းများ မြင့်တက်

လျှပ်စစ်မီတာခနှုန်းထားများကို ဇူလိုင်လမှစတင်၍ တိုးမြှင့်ကောက်ခံလိုက်သောကြောင့် ဆန်နှင့် ဆန်ကွဲတစ်အိတ် ကြိတ်ခွဲခဈေးနှုန်းကို ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ ကျပ် ၁၃၀၀ မှ ၁၅၀၀ အထိ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း (ပုသိမ်) ထံမှ သိရသည်။ ဇူလိုင်လ ၂ ရက်နေ့က ပုသိမ်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းရုံးတွင် ပုသိမ်မြို့ရှိ ဆန်စက်ပိုင်များနှင့်တွေ့ဆုံ၍ ဇူလိုင် ၁ ရက်နေ့မှစတင်က လျှပ်စစ်မီတာခနှုန်းထားများကို ယခင်ကထက် ၃၀ ရာခိုင်နှုန်း၊ ၃၅ ရာခိုင်နှုန်း တိုးမြှင့်ပေးဆောင်ရမည့်အပေါ် နဝလီ (အငှား) ကြိတ်ခွဲခများကိုလည်း သင့်တင့်သည့်နှုန်းထား ပြင်ဆင်သတ်မှတ်နိုင်ရေးအတွက် အများညှိနှိုင်းဆွေးနွေးမှုအပေါ် အခြေခံကာ ပြင်ဆင်သတ်မှတ် ကောက်ခံခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။



“ပဲခူးဘက်မှာကတော့ နဝလီ ကြိတ်တဲ့စက်တွေနည်းတယ်။ ကြိတ်ခကတော့ တိုးလိမ့်မယ်။ စပါးတစ်တင်းရဲ့ ကုန်ကျစရိတ်နဲ့ တက်လာမယ့်မီတာခ ကုန်ကျစရိတ်နဲ့တွက်ပြီး တိုးသွားလိမ့်မယ်။ တက်လည်း ဒီနှုန်းလောက်ပဲဖြစ်ပါလိမ့်မယ်”ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးထင်ဇော်လှိုင်ကပြောကြားသည်။

ဆန်နှင့် ဆန်ကွဲကြိတ်ခွဲခသည် တစ်အိတ်လျှင် ကျပ် ၂၀၀ တိုးမြှင့်လိုက်သောကြောင့် စပါးတစ်တင်းကြိတ်ပါက ဆန်အိတ် ၂၅ အိတ်ခန့်ထွက်ရှိကာ ကျပ် ၅၀၀၀ ခန့် တိုးမြှင့်ပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဆန်ကြိတ်ခွဲသည့် ဆန်စက်များသည် အစိုးရကပေးသည့် လျှပ်စစ်ကို အများဆုံး အသုံးပြုနေကြခြင်းဖြစ်ပြီး မီးစက်နှင့် ထရန်စဖော်မာများကိုလည်း အရန်သင့်ထားရှိရကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

“ဒီစာက မြို့နယ်က ထုတ်စရာမလိုဘူး။ သူတို့စာက တစ်နိုင်ငံလုံးကို ထိခိုက်သွားနိုင်တယ်။ ဒါက အစိုးရမီးလိုင်းသုံးတဲ့ဆန်စက်တွေသာ ဈေးနှုန်းတက်မယ်ပြောတာ။ တကယ်တမ်း ဒီဇယ်၊ ဂက်စ်နဲ့လည်တဲ့ ဆန်စက်တွေလည်းရှိတယ်။ အများကြီးပဲ။ ဒီဆန်စက်တွေကိုပါ တက်ခိုင်းတဲ့ပုံစံဖြစ်နေတယ်။ အဲဒီစက်တွေပါ အကျုံးဝင်သွားမှာစိုးတယ်”ဟု မြန်မာနိုင်ငံ ဆန်ကုန်သည်အသင်း ဗဟိုအလုပ်အမှုဆောင် ဦးထွန်းဝင်းက သုံးသပ်ပြောကြားသည်။

ဆန်ကြိတ်ခွဲခဈေးနှုန်းများ ပြင်ဆင်သတ်မှတ်လိုက်သောကြောင့် ဆန်ဈေးနှုန်းများပါ မြင့်တက်လာမည်ကို စိုးရိမ်ကြောင်း ၎င်းကဆိုသည်။

လျှပ်စစ်မီတာခနှုန်းထားများကို ဇူလိုင်လမှစကာ တိုးမြှင့်ကောက်ခံခြင်းနှင့်ပတ်သက်၍ ကန့်ကွက်သည့်အနေနှင့် ဆန္ဒထုတ်ဖော်မှုများလည်း ပြုလုပ်နေကြသည်။

No comments:

Post a Comment