Friday, July 5, 2019

တက္ကသိုလ်ကျောင်းသူများထံမှ ဖုန်းနှင့်ပိုက်ဆံအိတ်လုပြေးသူကို မြို့ခံများက၀ိုင်းဝန်းဖမ်းဆီး

တောင်ငူမြို့၊အမှတ် ၅ ရပ်ကွက်တွင် စားသောက်ဖွယ်ရာများဝယ်ယူပြီး ပြန်လာသည့် တက္ကသိုလ်ကျောင်းသူများထံမှ ဖုန်းနှင့်ပိုက်ဆံအိတ်လုပြေးသူကို ဒေသနေမြို့ခံများက ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြောင်းသိရသည်။ ဇူလိုင် ၄ရက်၊ည ၉ နာရီအချိန်ခန့်က တောင်ငူမြို့၊ ဦးပန်းဖြူလမ်းနေ တက္ကသိုလ်ကျောင်းသူများဖြစ်ကြသည့် မငြိမ်းစုထွန်း(တတိယနှစ်-သတ္တဗေဒ)၊မအင်ကြင်းကြွယ် (တတိယနှစ်-သတ္တဗေဒ)၊နှင့် မဆုပြည့်ထက် (စတုတ္ထနှစ်-မြန်မာစာ)တို့သုံးဦးသည် အမှတ်(၅)ရပ်ကွက်ရှိ ဆေးရုံထောင့်တွင် စားသောက်ဖွယ်ရာများ ၀ယ်ယူ ပြီးနောက် ဆိုင်ကယ်ဖြင့်ပြန်လာစဉ် နံပါတ် ၁ လမ်းနှင့် ဦးပန်းဖြူလမ်းထောင့်သို့အရောက်၌ တောင်ငူမြို့၊(၂) ရပ်ကွက် ၊တေဇာခင်ဦး(၂)လမ်းနေ အသက် ၂၀ နှစ်ခန့်ရှိ မောင်ဝေယံထွန်းဆိုသူမှ ဆိုင်ကယ်နှင့်အနောက်မှ ကပ်လိုက်လာပြီး မငြိမ်းစုထွန်းကိုင်ဆောင်ထားသော ဖုန်းနှင့်ပိုက်ဆံအိတ်အား လုယူထွက်ပြေးသွားခဲ့ကြောင်း သိရသည်။


ဝေယံထွန်းဆိုသူမှ လုယူထွက်ပြေးသွားခဲ့ပြီးနောက် ဝေဠုဝန်ဘုန်ကြီးကျောင်းရှေ့သို့အရောက် ၊နံပါတ် ၁ လမ်းပေါ်တွင် လုယူထွက်ပြေးသွားသော ဝေယံထွန်း၏ဆိုင်ကယ်တိမ်းမှောက်သွားစဉ် မငြိမ်းစုထွန်းက ဘေးပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီ တောင်းခံခဲ့သည့်အတွက် အနီးဝန်းကျင်ရှိ မြို့ခံများက ဝေယံထွန်း ကိုဝိုင်းဝန်းဖမ်းဆီးခဲ့သဖြင့် ဖုန်းနှင့်ပိုက်ဆံအိတ်တို့ပြန်လည်ရရှိခဲ့ကြောင်းသိရသည်။

ထို့နောက် ဒေသခံပြည်သူများက လုယူထွက်ပြေးသူ ဝေယံထွန်းကို တောင်ငူအမှတ် ၂ နယ်မြေရဲစခန်း သို့ အကြောင်းကြားခဲ့ရာ သက်ဆိုင်ရာရဲတပ်ဖွဲ့ကလာရောက်ဖမ်းဆီးခဲ့ပြီးနောက် ပြစ်မှုကျူးလွန်သူ ဝေယံထွန်းကို အမှတ်(၂)ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်းသိရသည်။

No comments:

Post a Comment