Friday, July 5, 2019

ကျောင်းကား ကြမ်းခင်းပြားကွာကျသဖြင့် ကျောင်းသားလူငယ်တစ်ဦး မလေးရှားတွင် သေဆုံး

ကျောင်းကားတစ်စီး မောင်းနှင်နေစဉ် သံချေးကိုက်၍ ဆွေးမြေ့နေသော ကြမ်းခင်းပြားကွာကျသဖြင့် စီးနင်းလိုက်ပါလာသော အသက်(၁၂)နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံးခဲ့သည်။ မလေးရှားနိုင်ငံ ကီလန်တန်မြို့မှ တေရန်ဂါနူးမြို့ဆီသို့ ကျောင်းသားလူငယ်(၃၁)ဦးကို တင်ဆောင်မောင်းနှင်လာသော ကျောင်းကားတစ်စီးတွင် ယမန်နေ့(ဇူလိုင် ၄ရက်)က ထိုသို့ဖြစ်ပွားခဲ့ခြင်းဟု ဒေသဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့ကပြောသည်။



သေဆုံးသူ ကျောင်းသားငယ်သည် ကျောင်းကားဒရိုင်ဘာခုံနောက်ဖက် ကားရှေ့ပိုင်းတွင် ဆော့ကစားရင်း လိုက်ပါလာစဉ် သံချေးကိုက်ဆွေးမြေ့နေသော ကြမ်းခင်းရုတ်တရက်ကွာကျသွားရာတွင် အဆိုပါကျောင်းသားငယ်လည်း ကြမ်းခင်းပေါက်မှတစ်ဆင့် ကားလမ်းပေါ်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။

မျက်မြင်သက်တစ်ဦး၏ အဆိုအရမူ ဟန်ချက်ပျက်ပြီး ပြုတ်ကျသွားခြင်းဖြစ်ကြောင်း New Straits Times သတင်းစာက ဆိုထားသည်။

ပြုတ်ကျခဲ့သော ကျောင်းသားငယ်သည် ရရှိဒဏ်ရာများကြောင့် အခင်းဖြစ်ပွားရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သူ၏ မိသားစုကမူ ယခုဖြစ်ရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးပါရန် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အား တိုက်တွန်းထားသည်။

”ခုလို ဘာကြောင့်ဖြစ်ရတာလဲ။ ကလေးတွေကို လိုက်ပြီးစောင့်ရှောက်တဲ့လူက အခင်းဖြစ်ချိန်မှာ ဘယ်ရောက်နေလဲ ဆိုတာတွေကို ကျေးဇူးပြုပြီး စုံစမ်းပေးပါ”ဟု သေဆုံးသူကျောင်းသားငယ်၏ မိခင်ကပြောသည်။

”ကျောင်းကားထောင်တဲ့ ကုမ္ဗဏီနဲ့ စီစဉ်သူတွေကို အရေးယူသင့်တယ်။ ဒီကျောင်းကားဟာ တရားဝင်ခွင့်ပြုချက်ရှိရဲ့လားဆိုတာကိုလဲ ရဲကစုံစမ်းဖို့လိုတယ်”ဟု ကျောင်းသားငယ်၏ အစ်မကပြောသည်။ သေဆုံးသူကျောင်းသားငယ်ကို ကွယ်လွန်ပြီးဆေးစစ်မှုများ ပြုလုပ်ပြီးနောက် ယမန်နေ့ညကပင်လျှင် မြေမြှုပ်သဂြိုဟ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment