Friday, July 5, 2019

စောင်းကောက်ကျွန်းပေါ်၌ ကုမ္ပဏီ ငါးခုကို ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန် ခွင့်ပြုထားသော်လည်း နှစ်နှစ်ကျော် ကြာသည်အထိ အခွန်မည်မျှ ရရှိကြောင်း တိုင်းအစိုးရအဖွဲ့ ဖြေကြားနိုင်ခြင်း မရှိဟုဆို

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှ ရေမိုင် ၃၀ ကျော်အကွာရှိ စောင်းကောက်ကျွန်းပေါ်၌ ကုမ္ပဏီ ငါးခုကို ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန်နှင့် ယာယီနားနေဆောင်များ၊ စားသောက်ဆိုင်များ မြေပိုင်ဆိုင်မှု မပါဘဲ တိုင်းဒေသကြီးအစိုးရသို့ အခွန်များပေးသွင်းပြီး ဆောင်ရွက်ခွင့်ပြုထားသော်လည်း နှစ်နှစ်ကျော် ကြာသည်အထိ အခွန်မည်မျှ ရရှိကြောင်း တိုင်း အစိုးရအဖွဲ့ ဖြေကြားနိုင်ခြင်း မရှိဟု သိရသည်။



ဇူလိုင် ၂ ရက်က ကျင်းပသည့် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် တိုင်းဒေသကြီး လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာနှင့် ပတ်သက်၍ ကော်မတီဥက္ကဋ္ဌဖြစ်သည့် ကျွန်းစုမဲဆန္ဒနယ် အမှတ်(၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင် က လွှတ်တော်၌ ဆွေးနွေးရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကြားနာတဲ့ နေရာမှာ ဒီစောင်းကောက်ကျွန်းကို ကုမ္ပဏီ ငါးခု Vega & Mira Tourism ကုမ္ပဏီ၊ ဟိန်းထက်ကျော်စွာကုမ္ပဏီ၊ Little Angel Travelb ကုမ္ပဏီ ၊ Green Vision Construction ကုမ္ပဏီ ၊ Nature Future ကုမ္ပဏီ ဒီကုမ္ပဏီ ငါးခုစလုံးကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီးတော့ ၁၀ ရက် ၄ လ ၂၀၁၇ ရက်က ပြုလုပ်တဲ့ အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၇) ဆုံးဖြက်ချက်အပိုဒ် ၂၅ အရ ကော့သောင်းခရိုင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် အဆိုပါ ကုမ္ပဏီ ငါးခုကို တိုင်းဒေသကြီးအစိုးရသို့ အခွန်များ ပေးသွင်းပြီး ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန်နှင့် ယာယီ နားနေဆောင်များ၊ စားသောက်ဆိုင်များ မြေ ပိုင်ဆိုင်မှုမပါဘဲ ဆောင်ရွက်ခွင့်ပြုထားတယ် လို့ ပါပါတယ်။ အဲဒီအပေါ်မှာ ဝန်ကြီးနဲ့ ကြား နာတဲ့အချက်မှာ အစိုးရအဖွဲ့သို့အခွန်များ ပေးသွင်းပြီးဆိုတာပါပါတယ်။ အဲဒါကြောင့် အခွန်ငွေဘယ်လောက်ရလဲ ကျွန်တော် မေး မြန်းတဲ့အခါမှာ ဝန်ကြီးအနေဖြင့် ဖြေကြားနိုင် ခြင်းမရှိပါဘူး။ သက်ဆိုင်ရာဌာနအနေနဲ့လည်း ဖြေကြားနိုင်ခြင်းမရှိပါဘူး။ တစ်ခုဆွေးနွေးလို တာကတော့ သူတို့ကိုခွင့်ပြုချက်ပေးထားတာ က ၄ လပိုင်း၂၀၁၇ ခုနှစ်က။ အခုဆိုရင် ကျွန် တော်တို့ ၂၀၁၉ ခုနှစ်ကာလကိုရောက်နေပြီ ဖြစ်ပါတယ်။ ဒီလို နှစ်နှစ်ကျော်ကာလမှာ ဒီ လိုခွင့်ပြုချက်ရတဲ့ကုမ္ပဏီငါးခုစလုံး စာချုပ် မူကြမ်းကို ကုမ္ပဏီသုံးခုကတော့ စိစစ်ဆဲကာ လ။ ကုမ္ပဏီနှစ်ခုကပဲ စာချုပ်မူကြမ်းတင်ဖို့  လုပ်နေတယ်ဆိုရင် ခရီးသွားလုပ်ငန်းလုပ် ကိုင်နေတဲ့ကုမ္ပဏီ ကျွန်တော်တို့ တနင်္သာရီ တိုင်းမှာ အများကြီးပါပဲ။ သူတို့ကို အထူးအခွင့်အရေး ပေးထားသလိုဖြစ်နေပြီး ကျန်တဲ့ကုမ္ပဏီတွေအနေနဲ့ မျှတမှုမရှိတဲ့အခြေအနေဖြစ်ပါ တယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ ဒီကော်မတီရဲ့ သုံးသပ်အကြံပြုချက်ထဲမှာ သူတို့ကို ခွင့်ပြုထားတဲ့ဟာပါ ပြန်လည် ရုပ်သိမ်းသင့်တယ်လို့  ကျွန်တော်တို့အနေနဲ့ အကြံပြုထားခြင်း ဖြစ်ပါတယ်။ ဒီ နှစ် နှစ်ခွဲကာလအတွင်းမှာ သူတို့ အခွန်ငွေကို ပေးသွင်းတယ်ဆိုတာ အခွန်ငွေ ဘယ်လောက်ရတယ်ဆိုတာ ဝန်ကြီးအနေနဲ့ ဖြေကြားနိုင်ခြင်း မရှိပါဘူး။ စာချုပ် တောင်မှပဲ အတည်ပြုနိုင်ခြင်း မရှိဘူးဆိုတော့ ဒီကြားကာလကိုဘယ်လိုနည်းနဲ့မှ မဖြစ်နိုင် တဲ့ကိစ္စပါ။ နိုင်ငံတော်ရဲ့အခွန်ငွေလည်း နစ် နာသလို သူတို့ရဲ့လုပ်ထုံးလုပ်နည်းအရလည်း ပဲ ဘာဖြစ်လို့ ဒီလိုကြန့်ကြာလဲဆိုတာ သက်ဆိုင်ရာဌာနအတွင်းမှာပဲ အဂတိလုပ်နေတာ ရှိလားလို့  ကျွန်တော့်အနေနဲ့ သံသယဝင်စရာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီကိစ္စကိုလည်းပဲ ကျွန်တော်တို့ရဲ့ သုံးသပ်အကြံပြုချက်အပေါ် မှာ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ အလေးအနက် ထားပြီးတော့ ဆောင်ရွက်ပေးစေလိုပါတယ်” ဟု ကျွန်းစုမဲဆန္ဒနယ်အမှတ်(၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က လွှတ်တော်၌ ဆွေးနွေးရာတွင် ပြောကြားခဲ့သည်။

ဇွန် ၂၆ ရက်က ကျင်းပသည့် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် တိုင်းဒေသကြီး လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက် များ စိစစ်ရေးကော်မတီက ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးမှ ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ ကတိကဝတ် သက်ရောက်သည့်အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် ကွင်းဆင်းခြင်းနှင့် ကြားနာခြင်းအစီရင်ခံစာကို လွှတ်တော်သို့ တင်သွင်းရာတွင် အဆိုပါ စောင်းကောက်ကျွန်းကိစ္စနှင့် ပတ်သက်၍ ပါဝင်ခဲ့ခြင်း ဖြစ်သည်။

စောင်းကောက်ကျွန်းနှင့် ပတ်သက်၍ ကြားနာချက်အရ ကော်မတီ၏ သုံးသပ်အကြံပြုချက်အတွင်း၌ စောင်းကောက်ကျွန်းနှင့် စပ်လျဉ်း၍ Vega & Mira Tourism Co.,Ltd ၊ Hein Htet Kyaw Swar Co.,Ltd နှင့် Little Angel Travel & Tour Co.,Ltd တို့၏ စာချုပ်(မူကြမ်း) များ စိစစ် ဆောင်ရွက်ဆဲကာလနှင့် Green Vision Construction Co.,Ltd နှင့် Nature Future Co.,Ltd တို့၏ စာချုပ်(မူကြမ်း) များ တင်ပြနိုင်ရေး ဆောင်ရွက်ဆဲ ကာလတွင် ၁၀.၄.၂၀၁၇ ရက်တွင် ပြုလုပ် ခဲ့သော တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၇) ဆုံး ဖြတ်ချက် အပိုဒ် ၂၅ အရ ကော့သောင်းခရိုင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် အဆိုပါကုမ္ပဏီ ငါးခုကို တိုင်းဒေသကြီးအစိုးရသို့ အခွန်များ ပေးသွင်းပြီး ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန် ယာယီနားနေဆောင်များနှင့် စားသောက်ဆိုင်များအား မြေပိုင်ဆိုင်မှု မပါဘဲ ဆောင်ရွက်ခွင့် ပြုထားခြင်းကို ပြန်လည် ရုပ်သိမ်းသင့်ပါကြောင်း သုံးသပ် အကြံပြုအပ်ပါသည်ဟု ဖော်ပြပါရှိခဲ့သည်။

No comments:

Post a Comment