Friday, July 5, 2019

အမျိုးသားရေးအင်အားစုများဆန္ဒထုတ်ဖော်မှု မလွန်မကျူးစေရန် ထိန်းသိမ်းသွားမည်ဟု ကရင်သာသနာရေး ဝန်ကြီး ပြော

ကရင်ပြည်နယ်၊ ဇွဲကပင်တော်ဆရာတော်ကြီးကျောင်းတိုက်တွင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများမှ ဆန္ဒထုတ်ဖော်မည့်အပေါ် မလွန်ကျူးစေရန်ထိန်းသိမ်းသွားမည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့မှ သာသနာရေးဝန်ကြီး ဦးမင်းတင်ဝင်းက ပြောသည်။ ကရင်တစ်ပြည်နယ်လုံးမှ အမျိုးရေးတက်ကြွလှုပ်ရှားသူများက ကရင်ပြည်နယ်လုံးဆိုင်ရာ ထာဝရ မဘသ ဇွဲကပင်တောင်ဆရာတော်ကြီးကျောင်းတိုက်တွင် ဇူလိုင်လ ၅ ရက်၌ လူအင်အား တစ်သောင်းဖြင့် ဆန္ဒထုတ်ဖော်ရန် စာတင်ထားသည့်အပေါ် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။



“ အခု အမျိုးသားရေးအင်အားစုဆိုပြီးဦးဆောင်တဲ့ အောင်စိုးသန်းတို့အဖွဲ့ မင်းတို့ကြွေးကြော်သံတွေ ဒါတော့ ဖြုတ်ပေး၊ နောက်ဗွီနိုင်းကိုင်မယ့်ဟာတွေ ဒါတော့မသုံးပါနဲ့ ဆိုတာမျိုးခေါ်ပြီးတော့ ညှိနှိုင်းပြောပြထားတယ်။ ဒါတွေကိုခိုင်းတာက သရက်တောဆရာတော်လို့တော့ သူတို့ပြောတယ်။ဒါကြောင့် သူတို့ဘုန်းကြီးတွေ ပြန်တင်ပြခိုင်းထားတယ် ။ စုဝေးဆန္ဒပြရာကနေ အထိကရုဏ်းတစ်ခုအထိဖြစ်ပွားတာမျိုးမဖြစ်စေချင်လို့ပါ။ အဲဒီလိုဖြစ်တယ်ဆိုရင် အစိုးရညံ့ရာကျမယ်။ ဒီဒေသမှာက မ.ဘ.သတွေ ဒီလိုမြို့မှာလာလုပ်တာကို မကျေနပ်တဲ့မြို့ခံတွေနဲ့ အထိကရုဏ်းဖြစ်တာ၊ ပြင်းပြင်းထန်ထန်ကိုင်တွယ်ရတာမျိုးတွေ အဖြစ်ခံမှာ မဟုတ်ပါဘူး။ မလွန်မကျူးအောင် ထိန်းသိမ်းလုပ်ဆောင်သွားမယ်” ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့မှ သာသနာရေးဝန်ကြီး ဦးမင်းတင်ဝင်းက ပြောသည်။
ဘားအံမြို့ ထာဝရ မ.ဘ.သ ဇွဲကပင်ဆရာတော်၏ မဲဘောင်ကျောင်းတိုက်တွင် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်မှ ၂၉ ရက်အထိ မ.ဘ.သ နှစ်ပတ်လည်အခမ်းအနားကျင်းပခဲ့ရာ၌ အခြားပြည်နယ်နှင့်တိုင်းများမှ အမျိုးသားရေး အင်အားစုများဟုဆိုသူများ စုပေါင်း၍ အခြေခံဥပဒေဆိုင်ရာပြင်ဆင်ခြင်းနှင့်ပတ်သက်၍ ဟောပြောရှုံ့ချခဲ့ကြသည်။

“အခုတလောမှာ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းမယ့် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ လုပ်ငန်းများ ပျက်ပြားပြီး ဆူပူမှုအထိကရုဏ်းတွေဖြစ်အောင် ကရင်ပြည်နယ်မှာ လာဖန်တီးနေတယ်လို့တော့ ဦးလေး မြင်မိတယ်” ဟု ကရင်ပြည်နယ်နေ အငြိမ်းစားကျောင်းဆရာတစ်ဦးဖြစ်သူ ဦးမြင့်က ပြောသည်။

“အမျိုးဘာသာသာသနာကို ဘက်စုံဖိနှိပ်ချုပ်ချယ်ဖျက်ဆီးစော်ကားနေမှုများအား ဆန့်ကျင်ကြောင်း” ခေါင်းစဉ်ဖြင့် လာမည့်ဇူလိုင်လ ၅ ရက်တွင် ဆန္ဒထုတ်ဖော်ရန် အမျိုးသားရေးအင်အားစုဦးဆောင်ကော်မတီမှ ဦးအောင်စိုးသန်းက ခွင့်ပြုချက်တင်ထားကြောင်း ဘားအံခရိုင် ထွေ/အုပ်ဌာနမှ သိရသည်။

No comments:

Post a Comment