Friday, July 5, 2019

တရားခံပြေးမှုမှာ တရားရုံးက ဘာလုပ်နိုင်သလဲ

ရာဇ၀တ်ပြစ်မှု တစ်ခုခုကျူးလွန်ကြောင်း တိုင်တန်းခြင်း ခံရ၍ ငြိစွန်းပေါ်ပေါက်သူကို ရဲတပ်ဖွဲ့ က ဖမ်းဆီး၍ အချုပ်နှင့်ဖြစ်စေ၊ အာမခံနှင့်ဖြစ်စေ တရားစွဲတင်ပို့ ရပါသည်။ တရားခံဖမ်းမမိပါက တရားခံပြေးမှုပြုလုပ်၍ တရာရုံး သို့ တင်ပို့ရပါသည်။ ရဲအရေးမပိုင်သောအမှုဖြစ် ပါက နစ်နာသူက တရားရုံးသို့ ဦးတိုက်လျှောက်ထား၍ စွဲဆိုရ သည်။ တိုင်လျှောက်သူအား ရုံးကကျမ်းသစ္စာပြုစေ၍ ချက်ချင်းစစ် မေးရသည်။ ၎င်းထွက်ဆိုချက် အရ ဆက်လက်စစ်ဆေးရန် လုံ လောက်သည့် အခြေအမြစ်မရှိဟု ယူဆလျှင် အမှုကို ပလပ်ရသည်။ အမှုကို အရေးယူရန် လုံလောက် သည့်အကြောင်းရှိလျှင်မူ စွပ်စွဲခံရသူကို ဆင့်ဆိုရသည်။ ကနဦးကပင် ဝရမ်း (War-rants) ထုတ်ပေးရမည့်အမှုဖြစ်ပါ က ဖမ်းဝရမ်းထုတ်ဆင့်ရသည်။ ရဲက ဖမ်းဆီးတင်ပို့ရသည်။



ဝရမ်းထုတ်ဆင့်ခြင်း ခံရ သည့် စွပ်စွဲခံရသူ (တရားခံ)သည် အဖမ်းမခံဘဲ ထွက်ပြေးတိမ်း ရှောင်နေပါက တရားရုံးသည် ရာဇဝတ်အထွေထွေမှု (တရားခံပြေးမှု) ဖွင့်လှစ်ဆောင်ရွက်ရ သည်။ ‘ဝရမ်းပြေးမှု’ဟု အများက ခေါ်သော အမှုဖြစ်ပါသည်။ မကြာသေးမီက မိုးတစ်လုံး လေတစ်လုံးပြော၍ နာမည်ဆိုး ဖြင့် ကျော်ကြားသည့် တရားခံကို  တရားရုံးက ဖမ်းဝရမ်းထုတ်ရာ ထိုသူ ထွက်ပြေးတိမ်းရှောင်သွား သည်။ တရားရုံးက တရားခံပြေးမှု ဖွင့်လှစ်ဆောင်ရွက်မည်ဖြစ် ကြောင်း ဆုံးဖြတ်ချက်အပေါ် မီဒီယာအချို့က တရားခံ၏ မျက် ကွယ်တွင် စစ်ဆေး၍ စီရင်ချက် ချမှတ်မည်ဖြစ်ကြောင်း ရေးသား ခဲ့သည်ကို တွေ့ရပါသည်။

တရားရုံးသည် တရားခံ၏ မျက်ကွယ်၌ အမှုစစ်ဆေးစီရင် နိုင်သလော၊ တရားခံပြေးကို ပြစ် ဒဏ်ချမှတ်နိုင်သလော။
တရားခံပြေးမှုတွင် သက်သေ(နှစ်)မျိုးရှိသည်။ မင်နီသက်သေနှင့် မင်ပြာသက်သေဟုခေါ် လေ့ရှိသည်။
မင်နီသက်သေဆိုသည်မှာ တရားခံထွက်ပြေးတိမ်ရှောင်နေ ကြောင်းကို ပြောပြနိုင်သည့်သက် သေဖြစ်သည်။ မင်ပြာသက်သေ ဆိုသည်မှာ မှုခင်းဖြစ်ရပ်ကို သိရှိ၍ထွက်ဆိုနိုင်သည့် သက်သေဖြစ် သည်။

တရားရုံးသည် တရားခံ‘ပြေး’ ကြောင်းပြောပြနိုင်သည့် (မင်နီ) သက်သေကို ဦးစွာစစ်ဆေးရ သည်။ တရားခံဖမ်းဆီးရန် ဝရမ်းကို သွားရောက်အတည်ပြုသူ (တရားခံကိုသွားဖမ်းသူ) ရဲအရာ ရှိ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး မှူး၊ တရားခံ၏ နေအိမ်အနီးအ နားတွင် နေထိုင်သူ စသူတို့သည်  မင်နီသက်သေများ ဖြစ်ပါသည်။ ရဲအရာရှိက တရားရုံးမှ ထုတ်ဆင့် သည့် ဖမ်းဝရမ်းအရ တရားခံအား ဖမ်းဆီးရမိနိုင်ရန် (ကြိုးစား) ရှာဖွေပါသော်လည်း မတွေ့ရှိကြောင်း (ဝရမ်းကို အတည်ပြု၍ မရကြောင်း) ထွက်ဆိုပြီး အတည်မပြုနိုင်သည့် ဖမ်းဝရမ်းနှင့် ရပ်ကွက်၊ ကျေးရွာ ထောက်ခံစာတို့ကို တရားရုံးသို့ ပြန်လည်တင်ပြလေ့ ရှိပါသည်။ ရပ်ကွက် လူကြီး၊ ဆယ်အိမ်မှူး စသူတို့က တရားခံသည်၎င်းနေအိမ်တွင် နေထိုင်ခြင်းမရှိ တော့ကြောင်း၊ မည်သည့်အရပ် သို့ ထွက်ပြေးတိမ်းရှောင်သွား သည်ကို မသိကြောင်း ထွက်ဆို လေ့ရှိပါသည်။

တရားရုံးသည် ယင်းထွက် ဆိုချက်များကို ယုံကြည်လက်ခံပါ က တရားခံအား လတ်တလော ဖမ်းဆီးရမိရန် အကြောင်းမရှိ သည်ကို ယုံကြည်ကြောင်း၊ တရားခံ (ပြေး)၏ မျက်ကွယ်၌ သက်သေများ စစ်ဆေးမည်ဖြစ်ကြောင်း၊ အမှုနေ့စဉ်မှတ်တမ်းတွင် ရေးမှတ်ပြီး (မင်နီ)သက်သေစစ်ဆေးမှုကို ပိတ်သိမ်းလျက် (မင်ပြာ)သက်သေများကို စစ်ဆေးရပါသည်။ ယင်းကို တရားခံ၏ မျက်ကွယ်၌  သက်သေခံချက်ရေး မှတ်ယူခြင်း (Record of evidence in absenceof accused)ဟု ဆိုပါသည်။

 ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၅၁၂ တွင် အောက်ပါအ တိုင်း ဖော်ပြပါသည်။
‘စွပ်စွဲခံရသူတစ်ဦးသည် ထွက်ပြေး တိမ်းရှောင်လျက်ရှိ ကြောင်းနှင့် ၎င်းကို လတ်တလော ဖမ်းဆီးရမိရန် အလားအလာမရှိကြောင်း ထင်ရှားအောင်ပြုလုပ် ပြီးဖြစ်လျှင် တိုင်တန်းထားသည့် ပြစ်မှုအတွက် ထိုသူကိုစစ်ဆေးစီ ရင်ရန် (သို့မဟုတ်)စစ်ဆေးစီရင် မှုအတွက် လွှဲအပ်တင်ပို့ရန် စီရင်ခွင့်အာဏာရှိသော တရားရုံးသည်တရားလိုဘက်မှ တင်ပြသော သက်သေများ (မင်ပြာသက်သေ ကို ဆိုလိုသည်)ရှိလျှင် တရားခံ၏ မျက်ကွယ်၌ စစ်မေး၍ သက်သေခံချက်များကို ရေးမှတ်ယူနိုင် သည်’

‘အဆိုပါ စွပ်စွဲခံရသူကို ဖမ်းဆီးရမိသောအခါ အစစ်ခံခဲ့သည့် သက်သေကွယ်လွန်ပြီးဖြစ်လျှင် (သို့မဟုတ်) သက်သေခံနိုင်စွမ်းမရှိလျှင် (သို့မဟုတ်) ၎င်းသက် သေလာရောက်ရန်အတွက် အမှု အခြေအနေအရ မလျော်ကန် သော ကြန့်ကြာမှု၊ စရိတ်ကုန်ကျမှု (သို့မဟုတ်) အဆင်မပြေမှုဖြစ် ပေါ်စေမည်ဆိုလျှင်  အဆိုပါအစစ်ခံချက်တစ်စုံတစ်ရာကို စွပ်စွဲခံရ သည့်ပြစ်မှုအတွက် စွပ်စွဲခံရသူအပေါ် စွဲဆိုသည့်စုံစမ်းစစ်ဆေးမှု (သို့မဟုတ်) စစ်ဆေးစီရင်မှုတွင်  သက်သေခံချက်အဖြစ် တင်ပြနိုင်  သည်’

တရားဥပဒေနယ်နှင့် ‘စိမ်း’နေသူများအဖို့ ယင်းပုဒ်မ-၅၁၂ (ဒုတိယပိုဒ်)သည် ရှုပ်ထွေးမည်စိုးပါသည်။ ယင်းပုဒ်မအရ တရားခံ၏ မျက်ကွယ်တွင် မင်နက်သက် သေများ စစ်ဆေးခြင်းသည် ရှေ့၌ဆိုခဲ့သလို ‘တရားခံ၏ မျက်ကွယ်၌ သက်သေခံချက်ရေးမှတ် ယူခြင်း’မျှသာ ဖြစ်ပါသည်။ တရားခံ၏ မျက်ကွယ်၌ ၎င်းအပေါ် စွပ်စွဲ သည့်အမှုကို စီရင်ခြင်းမဟုတ်ပါ။

တရားခံအား ၎င်း၏ မျက်ကွယ်၌ အပြစ်ပေးစီရင်ရန် မဟုတ်ပါ။တရားခံထွက်ပြေးတိမ်းရှောင်နေ စဉ်အတွင်း အမှုကို မြင်၊ ကြား၊သိသည့် သက်သေတို့၏ ထွက်ဆိုချက်ကို ‘ရေးမှတ်ယူခြင်း’သာ ဖြစ်ပါသည်။ တရားခံကို ပြန်လည်ဖမ်းဆီးရမိသည့်အခါ ထိုသက်သေ များကို တရားခံ (ဘက်)က ပြန်လှန်စစ်မေးခြင်း (Cross Exmina-tion)ပြုနိုင်ရန် တရားရုံးရှေ့သို့ ခေါ်ယူပေးရမည်ဖြစ်ပြီး ခေါ်ယူ၍ မရနိုင် (ခက်ခဲ)သည့်အကြောင်း လုံလောက်စွာရှိမှသာ တရားခံ၏ မျက်ကွယ်၌ စစ်ဆေးခဲ့သော ထွက်ဆိုချက်တို့ကို တရားခံအ ပေါ် စွပ်စွဲသောအမှု၌ ‘သက်သေ ခံချက်အဖြစ်’ အသုံးပြုနိုင်မည် ဖြစ်ပါသည်။

ကာစီနှင့် ပြည်ထောင်စု မြန်မာနိုင်ငံအမှု (၁၉၆၂၊ ရုံးချုပ်၊စာ-၄၁၇)တွင် ကျင့်ထုံးပုဒ်မ- ၅၁၂ အရ စစ်ဆေးခဲ့သော (မင်ပြာ သက်သေ)နှစ်ဦးတို့အား တရားခံ ဖမ်းဆီးရမိပြီးသည့်အခါ ရုံးသို့လာ ရောက်သက်သေခံရန် သမ္မန်စာထုတ်၍ ဆင့်ခေါ်ရာတွင် မတွေ့ရှိ ဘဲ သက်ဆိုင်ရာသူကြီးက ၎င်းတို့ ရန်ကုန်မြို့သို့ ပြောင်းရွှေ့သွား ကြောင်း အစစ်ခံသဖြင့် ထိုသူနှစ် ဦး၏ သက်သေခံချက်များကို အ သုံးပြုပြီး တရားခံ (အယူခံတရား လို)အပေါ်၌ ပြစ်မှုထင်ရှားစီရင်ခဲ့ ခြင်းသည် ရာဇ၀တ်ကျင့်ထုံးပုဒ်မ -၅၁၂(ဒုတိယပိုဒ်)ပါ ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်ကြောင်း ဆုံးဖြတ်ခဲ့ သည်။ ထို့အတူ ဦးဘလှိုင်နှင့် ဘာလာဘတ်စ်ဆိုဒါနီအမှု(၁၄၊ ရန်ကုန်၊ စာ-၆၃၃)၌ ‘ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၅၁၂(၁)အရ ဆောင်ရွက်မှုများတွင် ရာဇဝတ်တရားသူကြီးသည် တရားခံ မျက်ကွယ်၌ ၎င်းအပေါ် စွပ်စွဲသည့်အတိုင်း အပြစ် ရှိ၊ မရှိ ဆုံးဖြတ်နိုင်သည့် အခွင့်အာဏာမရှိ’ ကြောင်း ဆုံးဖြတ်ခဲ့သည်။ ကျင့်ထုံးပုဒ်မ-၅၁၂ (ဒုတိယပိုဒ်)အရ သက်သေခံချက်ကို ရေး မှတ်ယူပြီးသောအခါ တရားရုံးက မည်သို့ ဆောင်ရွက်နိုင်သည်ကို တရားရုံးများ လက်စွဲအပိုဒ်-၅၁၃ (၅)တွင် ဤသို့ ဖော်ပြပါသည်။

‘သက်သေခံချက်ကို ရေး မှတ်ယူပြီးသောအခါ ရာဇဝတ် တရားသူကြီးသည် ပြစ်မှုမှာ လုံလောက်စွာ ယုတ္တိထင်ရှားခြင်း ရှိ၊မရှိ စဉ်းစားဆင်ခြင်ရမည်။ ယုတ္တိထင်ရှားခြင်းရှိလျှင် ရာဇဝတ် တရားသူကြီးက ပုဒ်မ-၈၇ နှင့် ၈၈ အရ ဆက်လက်ဆောင်ရွက်  နိုင်သည်။ ပြစ်မှုမှာ လုံလောက်စွာ ယုတ္တိထင်ရှားခြင်းမရှိလျှင် ရာဇဝတ်တရားသူကြီးသည် ကြော်ငြာစာထုတ်ရန်သော်လည်းကောင်း၊  ပစ္စည်းဖမ်းဝရမ်းထုတ်ရန်သော် လည်းကောင်း ငြင်းပယ်ရမည်။  သေးငယ်သောအမှုများတွင် ပြစ် မှုမှာ လုံလောက်စွာယုတ္တိထင်ရှား ရှိသော်ငြားလည်း ပုဒ်မ-၈၇ နှင့် ၈၈ တို့အရ တစ်စုံတစ်ရာ အရေး ယူဆောင်ရွက်ရန်မလိုချေ’။

ရာဇဝတ်ကျင့်ထုံးပုဒ်မ- ၈၇အရ အရေးယူခြင်းမှာထွက်ပြေး တိမ်းရှောင်၊ ပုန်းကွယ်နေသည့် တရားခံပြေးကို သီးခြားဖော်ပြထားသည့်အချိန်၊ နေရာသို့ ရက်ပေါင်း ၃၀ အတွင်း လာရောက်ရမည်ဟု ‘ကြေညာချက်ထုတ် ပြန်ခြင်း’ဖြစ်ပြီး ကျင့်ထုံး ပုဒ်မ-၈၈ အရ အရေးယူခြင်းမှာ တရား  ခံပြေး၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုဖြစ်စေ၊ မရွှေ့ပြောင်းနိုင် သည့်ပစ္စည်းကိုဖြစ်စေ ဝရမ်းကပ် ခြင်းဖြစ်သည်။

သို့ဖြစ်ရာ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ-၅၁၂ သည် ထွက်ပြေးတိမ်းရှောင်နေသော တရားခံ(ပြေး)၏ မျက်ကွယ်တွင် စစ်ဆေး သည့် သက်သေခံချက်များကိုပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ခြင်း(Record of evidence in absenceof accused)နှင့် ၎င်းသည် ပြစ်မှုကျူးလွန်ကြောင်း အကြောင်းယုတ္တိရှိသည်ဟု ရာဇဝတ်တရား သူကြီးက ထင်မြင်ယူဆပါက ပုဒ်မ-၈၇ နှင့် ၈၈ တို့အရ အရေးယူဆောင်ရွက်ခြင်းတို့ကိုသာ ပြု နိုင်ပါသည်။ ရာဇဝတ်တရားသူကြီးသည်  တရားခံပြေး၏ မျက်ကွယ်တွင် အမှုကိုစစ်ဆေးပြီးနောက် ပြစ်မှုထင်ရှားစီရင်နိုင်သည့် အခွင့်အာ ဏာမရှိပါ။ (တရားရုံးအပေါ် လွဲ မှားမျှော်လင့်ထားခြင်းမရှိစေရန် ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။)

သို့ရာတွင် တရားရုံးက တရားခံပြေးအဖြစ် ကြေညာထား ခြင်းခံရသောသူသည် တရားရုံးသို့ ကိုယ်တိုင်လာရောက်၍ အမှုကိုထုချေဖြေရှင်းရန် လိုအပ်ပါသည်။ ထိုသို့ လာရောက်၍ ခုခံချေပခြင်း၊ အဆုံးအဖြတ် ခံယူ ခြင်း၊ မပြုသမျှ ထိုသူသည် တရားခံပြေး (ဝရမ်းပြေး)အဖြစ် ဘဝကို ကုန်ဆုံးရမည်ဖြစ်ပါသည်။ မည် သည့်လက်ထက်မှာမဆို ‘ထာဝ စဉ် ဝရမ်းပြေး’အဖြစ် မသေမချင်း ကျီးလန့်စာစား ပုန်းလျှိုးနေရန် သာရှိမည်ဖြစ်ပါသည်။

No comments:

Post a Comment