Friday, July 5, 2019

ဥပဒေများတွင် ပြဋ္ဌဌာန်းချက်များရှိသည့်အတွက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ပြည်ထောင်စုအဆင့်များ အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက် ကြေညာပြီးချိန်မှစ၍ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးများ ဆောင်ရွက်ခွင့်ရှိဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောကြား

ဥပဒေများတွင် ပြဋ္ဌဌာန်းချက်များ ရှိသည့်အတွက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ပြည်ထောင်စုအဆင့်များအနေဖြင့် ရွေးကောက်ပွဲကျင်းပမည့် ရက်ကြေညာပြီးချိန်မှစကာ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးများ ဆောင်ရွက်ခွင့်ရှိဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားခဲ့သည်။ ဇူလိုင် ၄ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။



အဆိုပါတွေ့ဆုံပွဲတွင် သတင်းထောက် တစ်ဦးက “နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရာထူးကနေ နုတ်ထွက်စရာမလိုဘဲ နိုင်ငံရေးပါတီလှုပ်ရှားမှု၊ ရွေးကောက်ပွဲလှုပ်ရှားမှု ပြုနိုင်တယ်လို့ သိရပါတယ်။ အဲဒီတော့ ပြီးခဲ့တဲ့သက်တမ်းတုန်းက သမ္မတဦးသိန်းစိန်က ဝင်မပြိုင်ခဲ့တော့ အဲဒီလိုကိစ္စ မရှိခဲ့ဘူး။ ရွေးကောက်ပွဲဝင်ပြိုင်တဲ့ အခါမှာ နိုင်ငံတော်က ထောက်ပံ့ထားတဲ့ မော်တော်ယာဉ်တို့၊ နိုင်ငံတော်က ပေးထားတဲ့ အစောင့်အရှောက်တွေကို သုံးလို့ရပါသလား။ ဒါမှမဟုတ်ရင်လည်း ကိုယ်ပိုင်ပုဂ္ဂလိက ပုံစံသွားရမှာလား။ နိုင်ငံတော်ပိုင်ငွေကြေးတွေကို သုံးပြီးတော့ မဲဆွယ်ဖို့၊ ပါတီစည်းရုံးရေးလုပ်ဖို့ ရ၊ မရ သိချင်ပါတယ်” ဟု မေးမြန်းခဲ့သည်။
ယင်းမေးမြန်းမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က “အဲဒီတော့ ဒီနိုင်ငံတော်အတိုင်ပင်ခံတို့၊ သမ္မတတို့၊ ဝန်ကြီးတွေ၊ ဒုတိယသမ္မတတွေ၊ ဒုတိယဝန်ကြီးတွေ၊ နောက်ပြီးတော့ တရားသူကြီးအဖွဲ့ဝင်တွေ၊ ခုံရုံးအဖွဲ့ဝင်တွေ၊ ရှေ့နေချုပ်ရုံးက၊ စည်ပင်ကပါတယ်။ ကျွန်တော်တို့  ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေကတော့ မရဘူး။ အခုနကပြောတဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေမှာ သူရဲ့ဥပဒေတွေ ရှိတယ်။ ရှေ့နေချုပ်ဆိုလည်း ရှေ့နေချုပ်ဥပဒေတွေ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဆိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ၊ ခုံရုံးအဖွဲ့ဆိုလည်း ခုံရုံးအဖွဲ့ ဥပဒေတွေရှိပါတယ်။ သူတို့အထဲမှာ နိုင်ငံသားများရဲ့ အခွင့်အရေးကို မဆုံးရှုံးစေခြင်းအလို့ငှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာတဲ့နေ့ကနေစပြီးတော့ တစ်ပြိုင်နက်တည်း ပါတီစည်းရုံးရေးတွေ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်ခွင့်ရပါတယ်တဲ့။ အဲဒီလို။ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေဆို ပုဒ်မ(ခ)ပေါ့။ ကျန်တဲ့ ဥပဒေတွေမှာလည်း အဲဒီလိုပါပါတယ်။ ဒါကြောင့်မို့လို့ သူတို့သည် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာတဲ့နေ့ကစပြီးတော့ နုတ်ထွက်ခြင်းမပြုဘဲနဲ့ ပါတီစည်းရုံးရေးတွေ၊ နယ်မြေစည်းရုံးရေးတွေ လုပ်လို့ရပါတယ်။ သုံးစွဲရမယ့်ငွေကိုလည်း ဥပဒေအရ ပြဌာန်းထားပါတယ်။ နိုင်ငံတော်ပိုင် မြေ၊ အိမ်၊ ယာဉ် စသည်တို့ကို ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲနဲ့ ရယူသုံးစွဲတဲ့သူတွေဆိုလို့ရှိရင် ဝင်ပြိုင်လို့တောင် မရပါဘူး။သို့သော်လည်းပဲ အဲဒီမှာ ခြွင်းချက်က တာဝန်အရ ပေးအပ်ချီးမြှင့်ထားခြင်းခံရရင်တော့ဖြင့် သူတို့ဟာ ရွေးကောက်ပွဲဝင်နိုင်ပါတယ်လို့  ဥပဒေက ပြဋ္ဌဌာန်းထားပါတယ်။ ဒါကြောင့်မို့ ဥပဒေပြဋ္ဌဌာန်းချက်တွေအတိုင်းပဲ ကျွန်တော်တို့ လိုက်နာသွားဖို့ပဲဖြစ်ပါတယ်” ဟု မီဒီယာများအား ပြောကြားခဲ့သည်။

၂၀၁၀ ခုနှစ်မှ၂၀၁၅ ခုနှစ်အထိ ဒုတိယသမ္မတတာဝန်ထမ်းဆောင်ခဲ့သော ဦးဉာဏ်ထွန်းနှင့် ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီးအချို့အနေဖြင့်လည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရာထူးတာဝန်မှ နုတ်ထွက်ခြင်းမရှိဘဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment