Friday, July 5, 2019

ဂျပန်တွင် မိုးသည်းထန်စွာရွာသွန်း၊ လူဦးရေ ၁ သန်းကျော် ဘေးလွတ်ရာရွှေ့ရန် အမိန့်ထုတ်

ဂျပန်နိုင်ငံတောင်ပိုင်းမှာ ဇူလိုင်လ ၄ ရက်က မိုးသည်းသည်းမည်းမည်း ရွာခဲ့တာကြောင့် အာဏာပိုင်တွေက ဒေသခံအယောက် ၁ သန်းကျော်ကို ဘေးလွတ်ရာရွေ့ပြောင်းကြဖို့ အမိန့်ထုတ်ပြန်ခဲ့ပြီး မြေပြိုမှု အန္တရာယ်တွေ ကိုလည်း သတိပေးထားပါတယ်။ လက်ရှိမှာ မြေပြိုမှုကြောင့် လူတယောက်သေဆုံးပြီး တယောက် ပျောက်ဆုံးနေပါတယ်။ ဇွန် ၂၈ ရက် ကတည်းက ကျူးရှုးကျွန်းရဲ့ တောင်ပိုင်းဒေသတချို့မှာ မိုးရေချိန် လက်မ ၄၀ နီးပါး ရွာသွန်းခဲ့ပြီး အဲဒီပမာဏဟာ ဇူလိုင်လ ပုံမှန်မိုးရေချိန်ထက် နှစ်ဆများတယ်လို့ NHK သတင်းဌာနက ဖော်ပြပါတယ်။


ဒါ့အပြင် ဂျပန်နိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ မိုးများနေပါတယ်။ လက်ရှိမှာ မြေပြိုနိုင်တဲ့ အန္တရာယ်ရှိတာကြောင့်  ကျူးရှုကျွန်း ဒေသခံတွေအနေနဲ့ နေအိမ်ကို အလောတကြီး မပြန်ကြဖို့ NHK သတင်းဌာနက သတိပေး ကြေညာထားပါတယ်။

အနားက ခိုလှုံရေးစင်တာတွေမှာ  ဒေသခံအယောက် တသောင်းကျော်လောက် ခိုလှုံနေကြတယ်လို့ ယိုမိဥရိ နေ့စဉ်ထုတ် သတင်းစာက ဖော်ပြပါတယ်။

၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း ကျူးရှုကျွန်းမှာ မိုးများပြီး ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။

အဲဒီ ဖြစ်ရပ်နဲ့ ပတ်သတ်လို့ အစိုးရရဲ့ တုံ့ပြန်မှု နှောင့်နှေးတယ်လို့ ဝေဖန်ခံခဲ့ရပြီး ဂျပန်နိုင်ငံမှာ ၃၆ နှစ်အတွင်း အဆိုးရွားအဆုံး သဘာဝဘေးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

No comments:

Post a Comment