Friday, July 5, 2019

နိုင်ငံအချုပ်အခြာအာဏာထိပါးစေသည့်လုပ်ရပ်ကို လုံးဝသည်းမခံဟု မြန်မာကိုယ်စားလှယ်ပြော

မြန်မာနိုင်ငံရဲ့ နိုင်ငံအချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို ထိပါးစေတဲ့ လုပ်ရပ်တွေကို လုံးဝ သည်းခံမှာမဟုတ်ဘူးလို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောကြား လိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၊ ကုလသမဂ္ဂရုံးမှာကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီ (၄၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီနဲ့ အပြန်အလှန် ဆွေးနွေးပွဲကို ပြုလုပ်ရာမှာ ပြောကြားခဲ့တာပါ။



မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက “ဒီမိုကရေစီပြည်ထောင်စုဆီသို့ ဦးတည်ခရီးနှင်နေတဲ့ မြန်မာနိုင်ငံအတွက် ယခုကဲ့သို့ အရေးအကြီးဆုံးအချိန်မှာ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရာမှာ အပြုသဘော မဆောင်တဲ့ ဆောင်ရွက်မှုတွေနဲ့ ပြည်သူတွေစည်းလုံးမှုပျက်ပြားစေတဲ့ အပြုအမူတွေ နိုင်ငံအချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို ထိပါးစေတဲ့ လုပ်ရပ်တွေကို လုံးဝ သည်းခံမည်မဟုတ်ဘူး” လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်ပြီးလည်း နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ကြိုးပမ်းအားထုတ် ဆောင်ရွက်မှုအပေါ် လျစ်လျူရှု မသိကျိုးကျွန် မပြုသင့်ကြောင်း၊ မြန်မာနိုင်ငံအပေါ် အခြေအမြစ်မရှိတဲ့ စွပ်စွဲတာ၊ နာမည်ဖျက်တာ၊ အရှက်ရစေအောင်ပြုလုပ်တာနဲ့၊ ဖိအားပေးတာတွေ ပြုလုပ်မည့်အစား ရေရှည်တည်တံ့တဲ့ အဖြေရှာမှုအတွက် အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ခ်စ်ဘဇားစခန်းမှာ ဟိန္ဒူ (၄၄၄) ဦး အပါအဝင် နေရပ်စွန့်ခွာသူတွေက နေရပ်ပြန်လာလိုတဲ့ ဆန္ဒရှိကြောင်း ထပ်တစ်လဲလဲ ပြောနေတာကို သိရှိခြင်းရှိမရှိ မြန်မာကိုယ်စားလှယ်က မစ္စယန်ဟီးလီကို ထပ်မံမေးမြန်းခဲ့ပြီး အထူးအစီရင်ခံစာ တင်သွင်းသူတဦးအနေနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ မျှမျှတတရှိဖို့နဲ့ ရွေးချယ်ဆောင်ရွက်ခြင်း မပြုလုပ်ဖို့ လိုတယ်လို့လည်း ဦးကျော်မိုးထွန်းက ပြောသွားပါတယ်။

ခုအချိန် မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ ပြည်သူတွေအနေနဲ့ နိုင်ငံခေါင်းဆောင်တွေကို တိုက်ရိုက်ထိတွေ့တင်ပြခွင့် ရရှိနေပြီဖြစ်ကြောင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ မီဒီယာလွတ်လပ်ခွင့်၊ မိုဘိုင်းဖုန်း၊ အင်တာနက်၊ လူမှုကွန်ရက်မီဒီယာတွေ သုံးစွဲလာနိုင်မှုတို့မှာလည်း မြင်သာတဲ့ တိုးတက်မှုတွေဖြစ်တယ်လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး အစီရင်ခံစာကိုနှုတ်နဲ့ တင်သွင်းသွားပါတယ်။

မြန်မာနိုင်ငံထဲမှာ အထူးသဖြင့် စစ်ဖြစ်နေတဲ့ ဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်နေတဲ့အကြောင်းနဲ့ လူသားချင်းစာနာမှုကူညီရေးအဖွဲ့တွေ၊ လူ့အခွင့်အရေး လေ့လာ စောင့်ကြည်သူတွေ၊ နိုင်ငံတကာသတင်းမီဒီယာသမားတွေကို ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေဆီကို သွားရောက်ခွင့်ပေးဖို့လည်း မစ္စယန်ဟီးလီက တိုက်တွန်းထားပါတယ်။

ဒ့ါအပြင် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့စနစ် မအောင်မမြင်ဖြစ်ရတာကို တွေ့ရပြီး ကုလသမဂ္ဂရဲ့ဆောင်ရွက်ချက်တွေကို ပြန်သုံးသပ်ဖို့ လိုတယ်လို့လည်း ဝေဖန်ပြောသွားပါတယ်။

No comments:

Post a Comment