Friday, June 14, 2019

လာမည့်ဘတ်ဂျက်တွင် ရန်ကုန်စည်ပင်က ဧည့်ခံစရိတ် တလကျပ်သိန်း ၈ဝ တင်ပြတောင်းခံထားဟုဆို

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လာမည့် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် ဧည့်ခံစရိတ် အဖြစ် တလကျပ်သိန်း ၈ဝ တင်ပြတောင်းခံထားကြောင်း လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခိုင်မာဌေးက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး၏ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်အတွက် အရ/အသုံး ခန့်မှန်းခြေငွေ စာရင်း(လျာထားချက်)နှင့်ပတ်သက်၍ ဇွန်လ ၁၂ ရက်ကပြုလုပ်သောလွှတ်တော်အစည်းအဝေး၌ ဆွေးနွေးစဉ် ဒေါ်ခိုင်မာဌေးက ယင်းသို့ထည့်သွင်းပြောကြားခဲ့သည်။



''ရန်ကုန်မြို့တော်စည်ပင်သာယာရဲ့သုံးငွေကို ကြည့်တဲ့အခါမှာ ဧည့်ခံစရိတ်ကို ၉၉ ဒသမ ၁၁၃ သန်းလျာ ထားပြီးတော့ တလကို သိန်း ၈ဝ နီးပါး ဧည့်ခံစရိတ် ထည့်ထားတာ တွေ့ရပါတယ်။ ကျွန်မတို့ နိုင်ငံအတွက် တလသိန်း ၈ဝ နီးပါးဧည့်ခံစရိတ်သုံးသင့်သလား ဆွေးနွေးချင်ပါတယ်''ဟု ၎င်းက ပြောသည်။

ထို့အပြင် ရန်ကုန်မြို့တော်စည်ပင်ကမိလ္လာစွန့်ပစ်မှုစနစ်နှင့် ရေဆိုးသန့်စင်စနစ်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအမှတ် (C1+W1) ပါမစ်တစိတ်တပိုင်းအတွက် JICA ODA (Loan) ချေးငွေဖြင့် အတိုင်ပင်ခံ (Consultant) ငှားရမ်းခြင်း ကျပ်သန်း ၉ဝဝဝ သုံးစွဲရန်တင်ပြထားမှုသည် အမှန်တကယ်လိုအပ်မှုရှိ၊ မရှိ လှိုင်မြို့နယ်မဲဆန္ဒနယ် အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက မေးခွန်းထုတ်လိုက်သည်။

''ဒီနေရာမှာ အကြံပြုဆွေးနွေးလိုတာကတော့ ဒီအင်ဂျင်နီယာဌာနတွေမှာ မိလ္လာဌာနဆိုတာရှိပါတယ်။ ဒီမှာခန့် ထားတဲ့ဝန်ထမ်းတွေဟာ အင်ဂျင်နီယာတွေလည်းရှိတယ်။ ပညာရှင်တွေလည်း ရှိပါတယ်။ ဒီပညာရှင်တွေက ဘာလို့မဆောင်ရွက်တာလဲ။ ဒီလောက်တောင်များတဲ့ သန်းပေါင်းများစွာသော ကုန်ကျငွေတွေနဲ့ နိုင်ငံတကာ အကြံပေးကုမ္ပဏီတွေကို ငှားရမ်းဆောင်ရွက်ဖို့လိုပါသလား။ တကယ်လို့ဆောင်ရွက်မယ်ဆိုရင်လည်း ဒီဆောင်ရွက်မှုတွေကနေ ကုန်ကျငွေထဲကနေပြီး ကျွန်တော်တို့နိုင်ငံရဲ့ ပညာရှင်တွေ၊ အင်ဂျင်နီယာတွေကနေ ပြီးတော့ ပညာရရှိအောင်တော့ ဆောင်ရွက်စေချင်ပါတယ်။ ဒါမှလည်းနောက်ပိုင်းမှာ ကျွန်တော်တို့နိုင်ငံကို ကျွန်တော်တို့လူမျိုးတွေ ကျွန်တော်တို့ပညာရှင်တွေပဲ တည်ဆောက်ပြီးတော့ နိုင်ငံခြားငွေ အကုန်အကျ သက်သာစေမှာ ဖြစ်ပါတယ်''ဟု ၎င်းကဆက်ပြောသည်။

အလားတူ JICA ချေးငွေဖြင့်ဆောင်ရွက်မည့် အင်ဂျင်နီယာဌာန(လမ်းတံတား) စီမံကိန်းအပိုင်း(၂)အတွက် စီမံကိန်းလုပ်ငန်းများတည်ဆောက်ခြင်း ကြီးကြပ်မည့် နိုင်ငံတကာအကြံပေးကုမ္ပဏီဒီဇိုင်းရေးဆွဲခအဖြစ် ကျပ် ၃၉၃၂ သန်းကျော်သုံးစွဲထားသည်ကိုတွေ့ရကြောင်း ၎င်းကဆက်ပြောသည်။

ထို့အပြင် မင်္ဂလာဈေးပြန်လည်တည်ဆောက်ခြင်းအတွက် အရည်အသွေးစစ်ဆေးခအဖြစ် ကျပ် ၄၅၅ ဒသမ ၄ သန်းသုံးစွဲရန် ဘတ်ဂျက်တွင်တောင်းခံထား၍ PPP ဖြင့် လုပ်ငန်းဆောင်ရွက်မှုတွင် အရည်အသွေးစစ်ဆေးခကို တိုင်းအစိုးရကအကုန်ကျခံရသည့်ကိစ္စ မရှင်းလင်းကြောင်း ဦးကျော်ကျော်ထွန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်အတွက် အရအသုံး ခန့်မှန်းခြေငွေစာရင်း (လျာထားချက်) လေ့လာကြည့်ပါက နှစ်စဉ်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘတ်ဂျက်အများစုသည် လိုငွေပြ အနုတ်ဘတ်ဂျက်ဖြစ်နေပြီး JICA ODA ချေးငွေ၊ ပြည်ထောင်စုမှ ခွဲဝေချ ထားသည့်ငွေများဖြင့်သာ ရပ်တည်နေရ သည့်အတွက် ဘတ်ဂျက်ကိုအကျိုးရှိရှိသုံးစွဲရန်လိုအပ်ကြောင်း ဒေါ်ခိုင်မာဌေးက ပြောသည်။

No comments:

Post a Comment