Friday, June 14, 2019

၂၀၂၀ ဒီချုပ်ကို ဆ၀ါးကြည့်ခြင်း

လာမည့် ၂၀၂၀ ရွေး ကောက်ပွဲတွင် သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ရွေးကောက်ပွဲဝင်ကြမည်ဟု ဒီချုပ်ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောကြားလိုက်သည်။ ဇွန်လ ၈ ရက် နေပြည်တော်တွင် ပြုလုပ်သော ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီး 7DayDaily သတင်းစာ၏ မေးမြန်းမှုကို  အထက်ပါအတိုင်း ပြန်လည်ဖြေ ကြားခြင်းဟု သိရသည်။ ကိုယ့်သဘောနှင့်ကိုယ် သ တင်းထောက်များကို အသိပေး ခြင်းမျိုးမဟုတ်။ မေးလို့ဖြေကြား ခြင်းဖြစ်သော်လည်း လွှတ်တော်များလို ကြိုတင်မေးခွန်းရထားခြင်းမျိုးမရှိဘဲ ကောက်ကာငင်ကာအမေးကို ထစ်နေ၊ တွေနေခြင်းမျိုးမရှိ အလွယ်တကူ ဖြေကြားလိုက်ခြင်းမို့ ၂၀၂၀ ရွေးကောက်ပွဲနှင့် နောက်ဆက်တွဲစာမျက်နှာများအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ပေါ်လစီပြတ်ပြီးသားဟု ကောက်ချက် ချနိုင်ပါသည်။



သမ္မတနှင့် အတိုင်ပင်ခံတို့  ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒ နယ်ကို ဒေါက်တာမျိုးညွန့်က မပြောခဲ့သော်လည်း ၂၀၁၅ ရွေး ကောက်ပွဲတုန်းကလို သမ္မတ သည် တာမွေ၊ ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမှသာ ၀င် ရောက်ယှဉ်ပြိုင်မည်ဟု ထင်၏။ ဘာကြောင့် မဲဆန္ဒနယ်အပြောင်း  အလဲ မပြုလုပ်နိုင်သလဲဆိုတော့  မဲဆန္ဒနယ်ပြည်သူများနှင့် အသား ကျပြီးသားဖြစ်သလို အလွယ်တ ကူ အနိုင်ရရှိခဲ့သောကြောင့် ဖြစ် သည်။

၂၀၁၅ ရွေးကောက်ပွဲရလဒ် များကို ပြန်လှန်ကြည့်ပါက တာ မွေ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် တွင် ဦးဝင်းမြင့်ရရှိခဲ့သော ခိုင်လုံ မဲမှာ ၆၀,၄၀၈ မဲဖြစ်ပြီး ဒုတိယအများဆုံးသော ပြည်ခိုင်ဖြိုးကိုယ် စားလှယ်လောင်း ရရှိသည့် ခိုင်လုံမဲမှာ ၆,၉၆၄ မဲမို့ မဲပေါင်း ငါး သောင်းသုံးထောင်ကျော် ဖြတ် ထားနိုင်ခဲ့သည်။ ထို့အတူ ကော့ မှူး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၌ ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့ သော ခိုင်လုံမဲမှာ ၅၄,၆၇၆ မဲဖြစ် ပြီး ဒုတိယအများဆုံးသော ပြည် ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းရရှိ သည့် ခိုင်လုံမဲမှာ ၁၅,၃၁၂ မဲမို့  မဲပေါင်း သုံးသောင်းကိုးထောင် ကျော် ဖြတ်ထားနိုင်ခဲ့သည်။

ထို့အပြင်  ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲတွင်  လစ်လပ်သွား သော ဒေါ်အောင်ဆန်းစုကြည် မဲ ဆန္ဒနယ်၌ ၀င်ရောက်ယှဉ်ပြိုင်သူ ဒီချုပ် ကိုယ်စားလှယ်လောင်းက လည်း ပြိုင်ဘက် ပြည်ခိုင်ဖြိုးကို ၄၅ ရာခိုင်နှုန်းကျော် မဲအသာဖြင့် အနိုင်ရခဲ့သလို  ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်သွား သော ဦးဝင်းမြင့်၏ တာမွေမဲဆန္ဒ နယ်၌ ၀င်ရောက်ယှဉ်ပြိုင်သူဒီချုပ် ကိုယ်စားလှယ်လောင်းက ပြိုင် ဘက် ပြည်ခိုင်ဖြိုးကို ၇၃ ရာခိုင် နှုန်းကျော် မဲအသာဖြင့်  အနိုင်ရခဲ့ သည်။ ယင်းရလဒ်များကိုကြည့်ပါ က သမ္မတဦးဝင်းမြင့်နှင့် အတိုင် ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ အနေဖြင့် မူလမဲဆန္ဒနယ်များတွင်  ဘယ်အချိန်ဝင်ပြိုင်ပြိုင် ပြတ်ပြတ် သားသား အနိုင်ရမှာ သေချာ ကြောင်း ဖော်ပြနေပေသည်။

သာမန်လွှတ်တော်ကိုယ်စား လှယ်တစ်ဦးအတွက် ရွေးကောက် ပွဲရှုံးနိမ့်ခြင်းဆိုသည်မှာ အရေးတ ကြီး ပြဿနာမရှိလှသော်လည်း  ပြည်ထောင်စုအဆင့် အစိုးရနှင့် လွှတ်တော် အကြီးအကဲများအ ဖြစ် မိခင်ပါတီမှ လျာထားခြင်းခံရသူများအတွက်မူ သိပ်အရေးပါလှသည်။ ဥပမာ-ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဖြစ်ဖို့ဆိုလျှင် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ် တင်မြှောက်ခံရရန်လိုသည်။

ပြည်ထောင်စုအဆင့်အစိုးရ အကြီးအကဲ၊ ဥပမာ-နိုင်ငံတော် သမ္မတဆိုလျှင် အခြေခံဥပဒေက ပြဋ္ဌာန်းထားသော သမ္မတနှင့် ဒုသမ္မတအရည်အချင်းသတ်မှတ် ချက်ပြည့်မီရန်သာ အဓိကဖြစ် သည်။ လွှတ်တော်ကိုယ်စား လှယ်မဖြစ်လည်း ပြဿနာမရှိ။

ယင်းကို ထပ်ဖြည့်ကြည့်သော် သမ္မတနှင့်ဒုသမ္မတ (တပ်မတော်မှ တင်သွင်းခွင့်ရှိသော ဒုသမ္မတမပါ) တာဝန်ထမ်းဆောင်မည့်သူသည်  လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင် ရှုံးနိမ့်ခဲ့လျှင်လည်း ပြဿနာမရှိသည့် သဘောဖြစ်သည်။ အခြေခံဥပဒေအရ ပြဿနာမရှိသော်လည်း သမ္မတ၊ ဒုသမ္မတ တာဝန်ထမ်းဆောင် မည့်သူသည် မြို့နယ်တစ်မြို့နယ်မှ  ပြည်သူအများစု၏ ထောက်ခံမှုပင်မရဘဲ ရွေးကောက်ပွဲရှုံးနိမ့်ခြင်းက  ဂုဏ်သိက္ခာအရ ပြဿနာရှိသည့်သဘောဖြစ်သည်။ မြို့နယ်တစ်မြို့နယ်ကိုပင် ကိုယ်စားမပြုနိုင်သူက တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့်ရာထူး ရယူလိုက်ခြင်းသည်  မေးခွန်းထုတ်စရာ များစွာရှိလာမှာဖြစ်သလို အတော်လည်းအရှက်နည်းရန် လိုမည်ထင်၏။

သို့သော် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်အဖြစ် ဦးသိန်းစိန် အနိုင်ရရှိခဲ့ခြင်း၊ သမ္မတဟောင်းဦးထင်ကျော်မှာ လွှတ်တော်အမတ်အဖြစ် ၀င်ရောက်ရွေးကောက်ခံသူ မဟုတ်ခြင်းနှင့် ဦးဝင်းမြင့်မှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ခြင်းကြောင့် အထက်ပါ ပြဿနာမျိုး မရှိခဲ့ပေ။

ယင်းသို့သော အကြောင်း များကြောင့် နိုင်ငံ့ခေါင်းဆောင်အဖြစ် လျာထားသူသည် နိုင်မှာ မသေချာလျှင် အရွေးမခံခြင်းက အန္တရာယ်ကင်း၊ ဘေးရှင်းဖြစ် မည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဦးသိန်းစိန် ၀င်ရောက်ယှဉ်ပြိုင်မှု မရှိခြင်းသည် မိမိကိုယ်မိမိအနိုင်ရ မည်ဟု ခိုင်ခိုင်မာမာမယုံကြည်၊ ပြည်ခိုင်ဖြိုး အစိုးရဖွဲ့နိုင်ပါက နောက်တစ်ဆက်သမ္မတလုပ်ရန် လည်း ရည်မှန်းထားသဖြင့် အန္တ ရာယ်ကင်းဘေးရှင်းလမ်းကို ရွေး ချယ်လိုက်ခြင်းလည်း ဖြစ်နိုင်ပါ သည်။

သမ္မတဦးဝင်းမြင့်နှင့် အတိုင် ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က တော့ သူတို့ကိုယ်သူတို့ အနိုင်ရရှိ မည်ဟု လုံးဝယုံကြည်စွာ။ ပြီး တော့ သူတို့၏ယုံကြည်မှုမှာ လွှတ် တော်ကိုယ်စားလှယ်အဖြစ် အနိုင် ရရှိပြီးနောက် ငါးနှစ်တာ လွှတ် တော်တက်ရန် မဟုတ်တာလည်း သေချာသည်။ ၂၀၂၀ရွေးကောက် ပွဲအပြီး နောက်ထပ်ငါးနှစ်တာ တိုင်းပြည်အာဏာကို ဆက်လက် ဆုပ်ကိုင်မောင်းနှင်ကြမည်ဟု ယုံ ကြည်ချက်ပြင်းပုံရသည်။

ဆိုတော့ ဒီချုပ်က ယုံကြည် သလို ၂၀၂၀ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ရရှိ မည်လားဟုမေးသော်  မည်သို့ဖြေဆိုကြမည်နည်း။ အားလုံးက  အကြမ်းဖျင်း တူညီစွာဖြေကြမည် မှာ ၂၀၁၅ ရွေးကောက်ပွဲကဲ့သို့ တောင်ပြိုကမ်းပြိုအနိုင်ရရှိတော့ မည်မဟုတ်ဟူ၍ဖြစ်သည်။

မည်သည့်အစိုးရမဆို  ပြည် သူအားလုံး အကြိုက်ဖြစ်အောင် ဆောင်ရွက်နိုင်ရန်မဖြစ်နိုင်။ ပြည် သူမကြိုက်လည်း တိုင်းပြည်ဖွံ့ဖြိုး ရေးအတွက် လိုအပ်ပါက မျက်နှာလွှဲ၍  ဆောင်ရွက်ရတာမျိုးရှိ သည်။ ဥပမာ-မိမိပါတီကို မဲပေး ထားသူများဖြစ်နေသဖြင့် ဥပဒေမဲ့ ကျူးကျော်နေထိုင်ခြင်းကို ခွင့်ပြု ၍မရ၊ လိုအပ်လာပါက ပလက် ဖောင်းဈေးသည်များကို ရှင်း မထုတ်၍မရ။ ထို့ကြောင့်သဘာဝ ကျစွာပင် အစိုးရဖြစ်ခြင်းကြောင့်  မိမိပါတီအပေါ် ထောက်ခံမှုမှာ   အလိုအလျောက်ဆိုသလို ပွန်းရာ ပဲ့ရာများ ဖြစ်လာလေ့ရှိသည်။ ထို့ အပြင် မိမိ၏စွမ်းဆောင်ရည်အား နည်းချက်ကြောင့်ဖြစ်သော ပွန်း ရာပဲ့ရာများကလည်း ရှိသေး သည်။ မြန်မာနိုင်ငံကဲ့သို့ ပြဿနာ ပေါင်းသောင်းခြောက်ထောင်ဖြင့်  ရှုပ်ထွေးနေသော တိုင်းပြည်ကို  မပြည့်မ၀အာဏာဖြင့် ကိုင်တွယ် ရခြင်း၊ တည့်တည့်ဝင်လာသော ကျည်ဆန်နှင့် ဘယ်ကရောက်လာ မှန်းမသိသော ကျည်ဆန်တို့ကို လည်း ပြန်လည်သင့်မြတ်ရေးအ မြင်ဖြင့် ရှောင်နေတိမ်းနေရခြင်း နှင့် မိမိကိုယ်တိုင်၏ အတွေ့အ ကြုံအားနည်းချက်တို့အရ အခု ချက်ချင်း ရေကြည်သောက်လိုသူ များအတွက်  အစိုးရအဖွဲ့၏ စွမ်း ဆောင်ရည်အပေါ် မေးခွန်းများ ထွက်ပေါ်လာသည်မှာ နောက် ထပ်ရရှိမည့် ပွန်းရာပဲ့ရာအချို့ ပင်ဖြစ်သည်။

ဟုတ်ပြီ။ ဘယ်လောက်အ တိုင်းအတာထိ ပွန်းပဲ့သွားမည် နည်း။ ကိုယ့်ပါတီရရှိသော အနိုင် ရလဒ်တစ်ခုတည်းဖြင့် အစိုးရဖွဲ့ နိုင်မည်ဟုဆိုပါက ယင်းမှာ သိပ် အောက်ခြေလွတ်နေသောအတင့် ရဲခြင်းသာဖြစ်ပေမည်။ တိုင်းဒေ သကြီးများတွင် ဒီချုပ်အပေါ်လူထု ထောက်ခံမှုမှာ ယခင် ၂၀၁၅ ခုနှစ် နှင့်နှိုင်းယှဉ်ပါက အနည်းငယ်သာ ပွန်းပဲ့နိုင်သော်လည်း တိုင်းရင်း သားဒေသများတွင်မူ သိသာစွာ ပွန်းပဲ့သွားနိုင်ကြောင်း မျက်စိစုံ မှိတ်ယုံကြည်ထားရန်လိုပေမည်။

၂၀၁၅ ရွေးကောက်ပွဲရလဒ် များကို ပြန်လှန်ကြည့်ပါက ဒီချုပ် သည် ရခိုင်နှင့်ရှမ်းပြည်နယ်တို့ တွင်သာ ရှုံးနိမ့်ခဲ့ပြီး ကျန်ပြည်နယ် များတွင် ရွပ်ရွပ်ချွံချွံ အနိုင်ရရှိ ခဲ့ကြောင်း တွေ့ရသည်။ ယင်းသို့ အနိုင်ရရှိခဲ့မှုတွင် ပြည်နယ်အလိုက် သက်ဆိုင်ရာတိုင်းရင်းသားပါတီများ တကွဲတပြား ရွေး ကောက်ပွဲဝင်ခြင်းကြောင့် တစ် ကြောင်းလည်း ပါဝင်သည်။

ယခုအခါတွင်မူ  ၂၀၂၀ ရွေး ကောက်ပွဲအတွက် ရည်ရွယ်ကာ  ကချင်၊ ချင်းနှင့်မွန်တို့တွင် တိုင်း ရင်းသား ပါတီတစ်ပါတီတည်း ဖြစ်အောင် တည်ဆောက်နိုင်ခဲ့ ခြင်း၊ တိုင်းရင်းသားဒေသအချို့ တွင် ထောက်ခံမှု အတန်အသင့် ကျဆင်းသွားခြင်းအရ ၂၀၂၀ ရလဒ်မှာ ကျဆင်းမည်သာဖြစ် သည်။

ယင်းသို့သော ထောက်ခံမှု ကျဆင်းခြင်းကို အလွယ်တကူ ကျော်လွှားနိုင်မည့် နည်းလမ်းမှာ  စစ်အစိုးရလက်ထက်ကတည်းက  အတူခံတိုက်ခဲ့ကြသော အစဉ်အ လာ မဟာမိတ်တိုင်းရင်းသားပါတီ များနှင့် ရွေးကောက်ပွဲမဟာမိတ် ဖွဲ့ ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ် သည်။

ဇွန်လ ၈ ရက်တွင် ဒေါက်တာမျိုးညွန့်က တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ဖွဲ့ ရွေးကောက်ပွဲဝင်ရေးကို စဉ်းစားရဦးမည်ဖြစ်ပြီး  ယနေ့ထိ ဆုံးဖြတ်ချက် မကျသေးဟု သတင်းထောက်များအား  ပြောဆိုလိုက် ခြင်းက အချိန်မရွေး မဟာမိတ် လမ်းကြောင်းကို ရွေးချယ်နိုင်စရာ ရှိသည်ဟု  တစ်ဝက်မျှော်လင့်ရပေမည်။ ယင်းသို့သာ မဟာမိတ် ဖွဲ့ ယှဉ်ပြိုင်မည်ဆိုပါက  အစိုးရ ဖွဲ့နိုင်ရေးမှာ အလွယ်တကူမို့ ကြိုတင်စိတ်အေးရမည့် လမ်း ကြောင်းလည်းဖြစ်သည်။

နောက်လမ်းကြောင်းတစ်ခု မှာ မည်သူနှင့်မျှ မဟာမိတ်မဖွဲ့ဘဲ  ၁၉၉၀ တုန်းကလို၊ ၂၀၁၅ တုန်း ကလို ကိုယ့်ဘာသာ ၀င်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ယင်းသို့ ယှဉ်ပြိုင်ခြင်းကြောင့် ဒီချုပ်နှင့် တိုင်းရင်းသားပါတီများကြား မဲ ပြားသွားသဖြင့် ပြိုင်ဘက်ပါတီ အနိုင်ရသွားနိုင်သည့် အန္တရာယ် မသေးသောလမ်းဖြစ်သည်။  ရွေး ကောက်ပွဲပြီးမှ အစိုးရဖွဲ့နိုင်ရေး အတွက် တိုင်းရင်းသားပါတီများ ၏မဲရရှိအောင် မဖြစ်မနေတောင်း ခံရမည့် လမ်းကြောင်းလည်းဖြစ် သည်။ ပြောရလျှင် မဟာမိတ်ဖွဲ့ ၀င်ရောက်ယှဉ်ပြိုင်သကဲ့သို့ စိတ် မအေးရသည့်လမ်း။

ဒီချုပ် ဘယ်လမ်းကို လိုက် မလဲတော့မသိသေး။ သေချာတာ က ၂၀၂၀ ရွေးကောက်ပွဲတွင် ဒီချုပ်သည် ကိုယ့်တစ်ပါတီတည်း မဲရလဒ်ဖြင့် အစိုးရဖွဲ့နိုင်ရန် မဖြစ်နိုင်။ တိုင်းရင်းသားပါတီတို့၏ ထောက်ကူမှုမဖြစ်မနေ လိုအပ်ပေမည်။ ဒီချုပ်အတွက် ကံကောင်းတာက တိုင်းရင်းသားပါတီများထဲတွင် တိုင်းပြည်၏ဒီမိုကရေစီရေးအနာဂတ်အတွက် ဒီချုပ် အစိုးရဖွဲ့နိုင်မှဖြစ်မည်ဆိုသည့်အသိ အခိုင်အမာရှိနေသော တိုင်းရင်းသားပါတီများ ရှိနေခြင်းပင်ဖြစ်သည်။ 

No comments:

Post a Comment