Friday, June 14, 2019

လှိုင်သာယာမြို့နယ်ရှိ ဈေးဆိုင် တစ်ဆိုင်မှ ကျပ် ၁၄ သိန်းကျော် တန်ဖိုးရှိ ရွှေထည်များ ခိုးယူခဲ့သည်ဟု ဆိုသည့် မိန်းကလေးငယ် နှစ်ဦးကို အမှုဖွင့်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ဈေးဆိုင်တစ်ဆိုင်မှ ငွေကျပ် ၁၄ သိန်းကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ခိုးယူခဲ့သည်ဟု ဆိုသည့် မိန်းကလေးငယ်နှစ်ဦးကို အမှုဖွင့်ထားကြောင်း ဇွန် ၁၃ ရက်တွင် ရဲတပ်ဖွဲ့မှ သိရသည်။ြ ဖစ်စဉ်မှာ လှိုင်သာယာမြို့နယ်၊ (၆) ရပ်ကွက်တွင် နေထိုင်သည့် ဒေါ်....(၄၃ နှစ်)သည် ၎င်းနေထိုင်သည့် အခန်းတွင် ဈေးဆိုင်ဖွင့်လှစ် ရောင်းချပြီး နေထိုင်ခဲ့ကြောင်း၊ ထိုသို့ ရောင်းချခဲ့ရာ ဇွန် ၁၀ ရက် ည ၁၁ နာရီ ခွဲခန့်တွင် ဆိုင်အားပိတ်ပြီး အိပ်ရာဝင်ခဲ့ကြောင်း၊ အိပ်ရာဝင်ပြီး ဇွန် ၁၁ ရက် နံနက် ၅ နာရီခန့် အိပ်ရာမှ နိုးသည့်အချိန်တွင် ဈေးရောင်းသည့် နေရာရှိ ထမင်းစားပွဲဘေးတွင် ထားရှိသော ရွှေထည်များ ထည့်ထားသည့် သေတ္တာမှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးရာ အဆိုပါ သေတ္တာအတွင်း ထားရှိသည့် ရွှေထည်နှင့် ငွေများ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၄၅၀၀၀၀ တို့မှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။



ထိုသို့ တွေ့ရှိရသဖြင့် ခိုးယူသူအား စုံစမ်းခဲ့ကြောင်း၊ ထို့နောက် ဇွန် ၁၁ ရက်တွင် ၎င်းနေအိမ်အခန်း၏ လေးခန်းမြောက် အခန်းတွင် နေထိုင်သည့် မ.... ရှစ်နှစ်အား မေးမြန်းခဲ့ကြောင်း ၊ မေးမြန်းရာ မ....ရှစ်နှစ်အား ၎င်း၏ အစ်မဖြစ်သူ မ.....(၁၆ နှစ်)က စုဘူးများ၊ ပိုက်ဆံများ၊ ရွှေထည်ပစ္စည်းများ ထားသည့် နေရာကို ပြောပြီး ယူခိုင်းသဖြင့် သံဆန်ခါအား ကျော်တက်ပြီး ယူဆောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ထိုသို့ ယူဆောင်ချိန်တွင် မ..... (၁၆ နှစ်) မှာ အခန်းထောင့်မှနေ၍ လူစောင့်ပေးသည်ဟု ပြောပြသိရှိခဲ့ရကြောင်း အမှုဖွင့် တိုင်တန်းချက်အရ သိရသည်။

ယင်းသို့သိရှိခဲ့သဖြင့် မ.... ရှစ်နှစ်၊ မ.....(၁၆ နှစ်)နှင့် ၎င်းတို့၏ မိဘများအား ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးသို့ ခေါ်ယူ မေးမြန်းခဲ့ကြောင်း၊ မေးမြန်းရာ မ... ရှစ်နှစ်က ဈေးဆိုင်အတွင်းသို့ ဝင်၍ ရွှေထည်နှင့် ငွေများ ခိုးယူခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း၊ ဝန်ခံခဲ့သဖြင့် ညှိနှိုင်းနေစဉ် ၎င်းတို့၏ ဦးလေးတော်စပ်သူ ရောက်ရှိလာပြီး မ....(၁၆ နှစ်)အား ၎င်းတွေ့ဆုံ မေးမြန်းပြီးချိန်တွင် ခိုးယူခဲ့ခြင်း မရှိဟု ပြောဆိုခဲ့သည်ဟု ဆိုကာ ငြင်းဆိုပြီး အုပ်ချုပ်ရေးမှုးရုံးမှ အားလုံး ပြန်သွားခဲ့ကြောင်း အမှုဖွင့် တိုင်တန်းချက်အရ သိရသည်။

ထို့ကြောင့် အဆိုပါဖြစ်စဉ်ကို ဒေါ်....(၄၃ နှစ်)မှ သက်ဆိုင်ရာ ရဲစခန်းသို့ တိုင်တန်းခဲ့ပြီး လှိုင်သာယာ မြို့မရဲစခန်းမှ (ပ) ၃၅၄၁/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ ၁၁၄ ဖြင့် အမှုဖွင့်ထားပြီး ဆက်လက် စစ်ဆေး ဆောင်ရွက်လျက် ရှိသည်။

No comments:

Post a Comment