Friday, June 14, 2019

နိုင်ငံခြားငွေဖြင့်သာ လုပ်ငန်းဆောင်ရွက်နေသည့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ၊ လေကြောင်းလိုင်းများ နိုင်ငံခြားငွေ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် ရယူဆောင်ရွက်ရန် ညွှန်ကြား

နိုင်ငံခြားငွေဖြင့်သာ လုပ်ငန်းဆောင်ရွက်နေသည့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ၊ လေကြောင်းလိုင်းများ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် ရယူဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ခရီးသွားလုပ်ငန်းများထံမှ သိရသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ထံသို့ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ၊ လေကြောင်းလိုင်းများတွင် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) ရယူဆောင်ရွက်ရန် အသိပေး အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။



မြန်မာနိုင်ငံအတွင်း နိုင်ငံခြားငွေ အလွန်အကျွံသုံးစွဲခြင်း (Dollarlization) ကို ရှောင်ရှားရန်အတွက် ပြည်တွင်းငွေပေးချေမှုများ ဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အကြောင်းကြားခဲ့မှုအပေါ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက အသိပေးအကြောင်းကြားစာ နှစ်စောင်ဖြင့် အကြောင်းကြားခဲ့ပြီး ဖြစ်သည်။

သို့သော် ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများနှင့် လေကြောင်းလိုင်းအချို့သည် မြန်မာကျပ်ငွေအစား နိုင်ငံခြားငွေဖြင့်သာ လုပ်ငန်းများ ဆောင်ရွက်နေသဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင် (Money Changer License) လျှောက်ထားရယူရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထပ်ဆင့်အကြောင်းကြားလာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဟိုတယ်နှင့် တည်းခိုရိပ်သာများနှင့် ခရီးသွားလုပ်ငန်းများ၊ လေကြောင်းလိုင်းများ ဆောင်ရွက်နေသောလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားငွေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေနှင့်အညီ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့် လိုင်စင် (Mo ney Changer License) လျှောက်ထားရယူရန် နှင့် ပြည်တွင်းပေးချေမှုများအတွက် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ)ဖြင့် တန်ဖိုးသတ်မှတ်ခြင်း၊ ဈေးနှုန်းဖော်ပြခြင်း၊ ပေးချေခြင်း တို့ကို ဆောင်ရွက်ခြင်း မပြုစေရေး ညီနောင်အသင်းများနှင့် လုပ်ငန်းများသို့ ညှိနှိုင်း ဆောင်ရွက် အသိပေးနိုင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ထံသို့ အသိပေးအ ကြောင်းကြားထားသည်။

No comments:

Post a Comment