Friday, June 14, 2019

တရားမဝင်လမ်းကြောင်းဖြင့်တင်သွင်းနေသည့်သကြားများကို တားဆီးရန်လိုအပ်နေဟု ဆို

ထိုင်းနိုင်ငံမှသကြားများကို တရားမဝင်နည်းလမ်းဖြင့် မြန်မာနိုင်ငံသို့ တင်သွင်းနေခြင်းကို မတားဆီးနိုင်ပါက ကြံ၊ သကြားကဏ္ဍ၌ ဆိုးရွားသောအခြေအနေများကိုရင်ဆိုင်ကြုံတွေ့လာရနိုင်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှအတွင်းရေးမှူး ဦးစိန်ထွန်းက ပြောသည်။ ထို့ကြောင့် နယ်စပ်မှ သကြားများ တရားမဝင်တင်သွင်းနေသည့်ကိစ္စကို တားဆီးပေးရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနထံ တင်ပြထားကြောင်းသိရသည်။



“ နယ်စပ်ကနေတရားမဝင်လမ်းကြောင်းဆို ထိုင်းကဝင်တာအများဆုံးပဲ။ ဒီနှစ်က တရုတ်ကိုသကြားပို့လို့ မရတာနဲ့ ပြည်တွင်းမှာ သကြားတွေ တန်ချိန် ၈ သိန်းလောက်ပိတ်မိတယ်။ ပိတ်မိနေပေမဲ့လည်း ထိုင်းက သကြားတွေက တရားမဝင်လမ်းကြောင်းနဲ့ဝင်နေဆဲပဲ။ ဒီတော့ တဖြည်းဖြည်းနဲ့ပြည်တွင်းဈေးကွက်ကို ထိခိုက်တယ်။ ဈေးကွက်မကောင်းတော့ဘူး။ တကယ်လို့ တရားမဝင်လမ်းကြောင်းကနေ သကြား ဝင်ရောက်နေတာကိုတားဆီးပေးမယ်ဆိုရင် သကြားဈေးနူန်း ဈေးကွက်ကို မထိခိုက်နိုင်ဘူး။ နောက်ပြီး ကျွန်တော်တို့ဆီက ထွက်တဲ့သကြားတန်ချိန်က ပြည်တွင်းအတွက်လောက်တယ်။ ပြည်ပကနေ တင်သွင်းရလောက်တဲ့အထိမလိုအပ်ဘူး။ တကယ် Refine Sugar သုံးဖို့လိုအပ်တဲ့လုပ်ငန်းတွေကိုတော့ အစိုးရကနေ တင်သွင်းခွင့်ပြုထားတယ်။ ဒီအပေါ်တင်သွင်းပြီး ပြင်ပမှာ ပြန်ရောင်းစားတာတွေလည်း ရှိနေတယ်။ ခုလို ပြည်တွင်းလည်းသကြားစုပုံချိန်မှာ ပြည်ပကနေ သကြားနည်းနည်းပဲဝင်ဝင်၊ များများပဲဝင်ဝင် ပြည်တွင်းဈေးကွက်ထိခိုက်တယ်။ လုပ်ငန်းခွင် ၊စက်ရုံ၊တောင်သူ၊ အား လုံးထိခိုက်တယ်”ဟု မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးစိန်ထွန်းက ပြောသည်။

ပြည်တွင်း၌စားသုံးမှုများပြားပြီးထုတ်လုပ်မှုနည်းနေသေးသည့် Refine Sugar ကို အမှန်တကယ် အသုံးပြုရန် လိုအပ်သောလုပ်ငန်းများအနေဖြင့် ပြည်ပမှတင်သွင်းခွင့်ရရှိထားကာ လုပ်ငန်းရှင်အချို့က ယင်းအခြေအနေကို အသုံးချပြီး ပြည်တွင်း၌ သကြားများပြန်လည်ရောင်းချနေကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံ၌ ကြံစိုက်ပျိုးမှုအများဆုံးဒေသများအဖြစ် ရှမ်းပြည်မြောက်ပိုင်းနှင့်တောင်ပိုင်း ၊ ပဲခူးတိုင်း အရှေ့ပိုင်းနှင့် အနောက်ပိုင်း ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ မန္တလေးတိုင်းဒေသကြီးတို့ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ကြံစိုက်ပျိုးမှုအနည်းငယ်ရှိကြောင်း သိရသည်။

ကြံမှသကြားထုတ်လုပ်နိုင်သည့် စက်ရုံပေါင်း ၂၁ ရုံရှိပြီး တစ်ရက်လျှင် သကြားတန်ချိန် ၁၅၀၀ ထွက်သည့် စက်ရုံ၊ ၈၀၀၀ ထွက်သည့်စက်ရုံနှင့် ၁၀၀၀၀ ထွက်သည့် စက်ရုံတို့ရှိသော်လည်း Refine Sugar ထုတ်လုပ်နိုင်သည့်စက်ရုံမှာ ၂ ရုံသာရှိကြောင်း သိရသည်။

No comments:

Post a Comment