Friday, June 14, 2019

မြန်မာ့မွေးမြူရေးရေထွက်ကုန်များကို EU နိုင်ငံများသို့တင်ပို့နိုင်ခြင်းမရှိသေး

မြန်မာ့မွေးမြူရေးရေထွက်ကုန်များကို EU နိုင်ငံများမှ တင်သွင်းခွင့်ပြုထားသည်မှာတစ်လကျော်ကြာမြင့်ပြီဖြစ်သော်လည်း လက်ရှိအထိတင်ပို့နိုင်ခြင်းမရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ EU(European Union) နိုင်ငံများသည် သဘာဝမှဖမ်းဆီးခွင့်ရရှိသောငါးများကိုသာတင်သွင်းခွင့်ပြုထားရာမှ မွေးမြူခြင်းမှရရှိသော ရေထွက်ကုန်များကိုပါ သတ်မှတ်ချက်ဖြင့်ကိုက်ညီပါက တင်သွင်းခွင့်မည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ၄င်းတို့ Website တွင် ဖော်ပြခဲ့ပြီး ၂၀၁၉ ခုနှစ်၊ မေလဆန်းတွင် စတင်ကာ တင်သွင်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။



“မွေးမြူရေးငါးတွေ တင်သွင်းခွင့်ပြုထားပေမဲ့ အခုထက်ထိတင်ပို့နိုင်ခြင်းမရှိသေးဘူး။ ဒါကတော့ ဘာကြောင့်မှ မဟုတ်ပါဘူး။ ဒီဘက်က ပြင်ဆင်မှုအပိုင်းတွေမပြီးသေးလို့ မတင်ပို့နိုင်သေးတာပါ” ဟု ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောသည်။

EU နိုင်ငံများသို့ သတ်မှတ်ချက်ဖြင့်ကိုက်ညီသောမွေးမြူရေးရေထွက်ကုန်ပစ္စည်းတင်ပို့နိုင်ရန် ပြည်တွင်းမှ ရေထွက်ကုန်ထုတ်လုပ်သည့် စက်ရုံများနှင့်မွေးမြူရေးလုပ်ငန်းရှင်များအားတွေ့ဆုံ၍ လိုအပ်ချက်များ ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

“တင်သွင်းခွင့်ပေးထားပေမဲ့ ချက်ချင်းပို့လို့မရဘူးလေ။ ပြင်ဆင်ရတာတွေရှိသေးတယ်။ ပြင်ဆင်ချိန်က တစ်နှစ်လောက်တော့အချိန်ယူရတယ်။ လမ်းကြောင်းပေါ်ရောက်ပြီးသားတွေကတော့ ပို့လို့ရမယ်” ဟု မြန်မာနိုင်ငံရေထွက်ကုန်ပြည်ပစ္စည်းထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှဥက္ကဋ္ဌ ဦးထွန်းအေးက ပြောသည်။

မြန်မာနိုင်ငံမှ EU နိုင်ငံသို့ သဘာဝမှရရှိသောရေထွက်ကုန်ပစ္စည်းတင်ပို့နေသည့် စက်ရုံ ၂၁ ရုံရှိပြီးမွေးမြူရေးမှ ရေထွက်ကုန်တင်ပို့ခွင့်ရရှိထားသည့် စက်ရုံ ၁၇ ရုံရှိကြောင်းငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

No comments:

Post a Comment