Friday, June 14, 2019

ဘာကြောင့်မလုပ်နိုင်ရမှာလဲ

acebook တစ်ခွင်မှာ အမုန်းစကားတွေ ပျံ့နှံ့နေတာကို အား လုံးအသိဖြစ်သလို အဲဒါတွေ လျော့ပါးစေဖို့အတွက်ကိုလည်း Facebook အပါအ၀င် အားလုံးက နည်းအမျိုးမျိုးနဲ့ ကြိုးစားနေ ကြတယ်ဆိုတာကိုလည်း အားလုံး သိနေကြတာပါပဲ။ သို့သော် အဲ ဒီ  အမုန်းစကားဆိုတာတွေဟာ တိုက်ရိုက်ရေးကြတာလည်း ရှိသလို စောင်းပါးရိပ်ခြည်သွယ် ဝိုက်ရေးကြတာတွေလည်းရှိပြီး ဒေသခံတွေ၊ ဒါမှမဟုတ် သက်ဆိုင်သူတွေမှသာလျှင် သိနိုင်တဲ့စကားရပ်မျိုးတွေနဲ့လည်း ရေးကြတာမျိုး ရှိနေလေတော့ကာ Facebook ရဲ့ အသိဉာဏ်တုနည်းပညာ (AI) တစ်ခုတည်းနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ မလွယ်လှပါဘူး။ လူသားတွေကိုယ်တိုင် ပူးပေါင်း ပါဝင်မှ ဖြစ်မယ့်ကိစ္စမျိုးပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ UNESCO က ဆောင်းပါးတစ်ခုမှာ တော့ အမုန်းစကားတွေ ရေးသား တာနဲ့ ပတ်သက်လို့ မီဒီယာကျင့် ဝတ်ဆိုင်ရာ အသိပညာပေးတဲ့ လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ကြဖို့၊ ပဋိပက္ခသတင်းရေး သားမှုနဲ့ ဗဟုယဉ်ကျေးမှု ဓလေ့ ထုံးတမ်းဆိုင်ရာ ကမ်ပိန်းတွေကို  အားပေးဖို့၊ လူမှုကွန်ရက်ကို စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းသိမ်းဖို့ အစရှိသဖြင့် အကြံပေးထား တာကို ဖတ်ရပါတယ်။

အားလုံးသိထားရမယ့် မီဒီယာကျင့်ဝတ်
အခုခေတ်မှာ မီဒီယာဆိုတာ ဟာ ပင်မမီဒီယာကြီးတွေသာ လျှင်မဟုတ်တော့ဘဲ လူမှုကွန် ရက် အကောင့်တိုင်းဟာ မီဒီယာ တွေဖြစ်နေပါပြီ။ ဒါကြောင့် မီဒီယာကျင့်ဝတ်တွေဟာ သတင်း သမားတွေတင်မကတော့ဘဲ လူမှု ကွန်ရက်အကောင့်ပိုင်ရှင်တိုင်း သိသင့်သိထိုက်တဲ့ အချက်တွေဖြစ် နေပါပြီ။ ဒါမှပဲ ဘယ်လိုရေးသား တင်ဆက်သင့်တာ၊ ဘယ်လို Liveလွှင့်သင့်တာ၊ ဘယ်လိုဓာတ်ပုံမျိုး ကို သုံးသင့်တာ အစရှိသဖြင့် မီဒီယာကျင့်ဝတ်နဲ့ ကိုက်ညီမှု၊ မကိုက် ညီမှုတွေကို အားလုံးသိရမယ့် ခေတ်ကိုရောက်နေပါပြီ။ ဒီနေရာမှာ အခြေခံလူ့အခွင့်အရေးတစ်ခု ဖြစ်တဲ့ လွတ်လပ်စွာပြောဆိုရေး သားခြင်းကို ပိတ်ပင်တားမြစ်မယ့် အစား စည်းနဲ့ကမ်းနဲ့ ကျင့်ဝတ်နဲ့  လွတ်လပ်စွာ ရေးသားပြောဆို ခြင်းကို အလေးထားအားပေးပြီး  မီဒီယာကျင့်ဝတ်တွေ၊ လူမှုကျင့်ဝတ်တွေကို အားလုံးသိနားလည်အောင် အသိပညာပေးလုပ်ငန်း တွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ် သင့်နေပါပြီ။

လူမှုကွန်ရက်မှာ အမုန်း စကားတွေကို ဖြန့်ဖြူးခြင်းဟာ  ပုံစံအမျိုးမျိုးနဲ့ ရှိနေတာကို အား လုံးသိကြမှာပါ။ ဒီတော့ကာ မီဒီယာကျင့်ဝတ်တွေနဲ့ ပတ်သက်တဲ့ အသိပညာပေးခြင်းကို အားလုံး သိသည်ထက် ပိုပြီးသိလာအောင်ဝိုင်းဝန်းဆောင်ရွက်ကြဖို့လိုအပ်သလို လူမှုကွန်ရက်အသုံးပြုသူ တိုင်းကလည်း ကိုယ်နဲ့ သက်ဆိုင်ရာအခန်းကဏ္ဍကနေပြီးတော့ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းဖြစ် လာစေဖို့အတွက် ပူးပေါင်းမြှင့် တင်ဖန်တီးရေးသားကြရပါမယ်။

ပြီးတော့ကာ မျိုးနွယ်စုတစ် ခုစီရဲ့ လွတ်လပ်စွာပြောဆိုရေး သားခွင့်အပါအ၀င် နိုင်ငံရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေ မြင့်မားလာစေရေးကိုလည်း အာရုံစိုက်ဆောင်ရွက်ကြ ရမှာဖြစ်ပါတယ်။ အဲဒီလိုအခွင့်အရေးတွေ မြင့်မားလာတာနဲ့အမျှ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ လည်း မြင့်မားလာဖို့နဲ့ ဘယ်လိုအ ပြောအဆို အရေးအသားတွေက  လူမှုရေးဆိုင်ရာ ရိုက်ခတ်မှုတွေ ဖြစ်လာနိုင်တယ်၊ ဘယ်လိုအပြောအဆိုအရေးအသားမျိုးတွေဟာ အမုန်းစကားတွေ ဖြစ်လာနိုင် တယ်ဆိုတာတွေကိုလည်း သေသေချာချာ သဘောပေါက်နား လည်ဖို့ လိုအပ်ပြီး အဲဒီလိုဖြစ် မလာအောင် တားဆီးဖို့အတွက် ပြည်သူအားလုံးမှာ ဗဟုသုတနဲ့ အရည်အချင်း ပြည့်ဝနေဖို့လိုပါ တယ်။

ဗဟုယဉ်ကျေးမှုဆိုင်ရာ ကမ်ပိန်းတွေ
နောက်ပြီးတော့ကာ အထိ မခံတုံ့ပြန်လွယ်တဲ့ ပဋိပက္ခဆိုင်ရာ  ကိစ္စမျိုးတွေ ရေးသားတင်ဆက် ရာမှာ စကားလုံးအသုံးအနှုန်း၊  ခေါင်းစဉ်အရေးအသားကအစ  စောင့်ထိန်းသင့်တာတွေကို လူမှု ကွန်ရက်အသုံးပြုသူတွေအားလုံး  သိရှိအောင် လုပ်ပေးကြရမှာပါ။ ကွန်မန့်တွေမှာ အပြန်အလှန်ရေးကြတာတွေက အစပေါ့။ ဒီတော့ကာ အထိမခံတုံ့ပြန်လွယ် တဲ့ ပဋိပက္ခဆိုင်ရာ ရေးသားမှုကို  ကျေညက်သည်ထက် ကျေညက် အောင် လေ့လာကြဖို့လိုပါတယ်။ အထူးသဖြင့် ‘သူတို့’ကို ‘ငါတို့’က ဆန့်ကျင်နေတယ်ဆိုတဲ့ သဘော ဆောင်နေတဲ့ အပြောအဆိုအရေး အသားမျိုးတွေကိုလည်း သတိပြုရှောင်ကြဉ်ကြရမှာပါ။ အဓိကကတော့ အဲဒီ ‘သူတို့’ဆိုတာကို ‘ငါတို့’ဆိုတာတွေက ဆန့်ကျင်နေတယ် လို့ ဘယ်သူကမှ မသတ်မှတ်ကြ၊ မတွေးမထင်မိကြတော့ဘူးဆိုရင် ပဋိပက္ခဆိုတာဟာ အလိုလို ပပျောက်သွားတော့တာပါပဲလေ။

 နောက်တစ်ချက်ကတော့ လူအမျိုးမျိုး၊ စိတ်အထွေထွေ ထုံးတမ်းဓလေ့အမျိုးမျိုး ရှိကြသူ တွေ အတူလက်တွဲနေထိုင်ကြတဲ့  လူ့အဖွဲ့အစည်းကြီးမှာ အချင်း ချင်း နားလည်သဘောပေါက်ကြ စေဖို့အတွက် ဗဟုယဉ်ကျေးမှု ဆိုင်ရာ ကမ်ပိန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ယှဉ်တွဲလုပ်ဆောင်ပေးဖို့လည်း လိုအပ်ပါလိမ့်မယ်။ဒါမှလည်း ယဉ်ကျေးမှုထုံးတမ်း စဉ်လာဆိုင်ရာ မတူခြားနားမှုတွေ ကို အပြန်အလှန် သဘောပေါက် နားလည်လာပြီး တစ်ဦးနဲ့တစ်ဦးတစ်ဖွဲ့နဲ့တစ်ဖွဲ့ လေးစားသမှုရှိ လာကြမှာ ဖြစ်ပါတယ်။

#IAmHere
ဒီနေရာမှာ #IAmHere ဆိုတဲ့ အမုန်းစကားပပျောက်ရေး အဖွဲ့သားတွေရဲ့ လှုပ်ရှားမှုလေး တွေဟာ အင်မတန် အတုယူဖို့ ကောင်းပါတယ်။ သူတို့ဟာ ကိုယ့်ရဲ့ အားလပ်ချိန်လေးတွေမှာ အလကားမနေဘဲ Facebook က အမုန်းစကားတွေကို လိုက်လံရှာဖွေကြပါတယ်။ သတင်းမီဒီယာစာမျက် နှာတွေမှာရော သာမန်ပုဂ္ဂလိက စာမျက်နှာတွေမှာပါ လိုက်ရှာကြ တာပါ။ အမုန်းစကားနဲ့ ပတ်သက် တာကိုတွေ့ပြီဆိုရင်လည်း စွာ တေးလန်ပြီး ကက်ကက်လန် ပြန်ရန်တွေ့တာမျိုးတွေ၊ ‘ဒါမျိုးမလုပ်ရဘူး၊ မရေးရဘူး’လို့ တားမြစ်တာ မျိုးတွေ၊ ဝိုင်းပြီး ရီပို့ထုတာမျိုးတွေ လုပ်မယ့်အစား ပြေလည်ရာပြေလည်ကြောင်း ကြားဝင်ဆွေးနွေးမှုတွေကို ပြုလုပ်ကြပါတယ်။အထင်မှား အမြင်မှားဖြစ်နေတာ တွေကိုလည်း အကိုးအကားနဲ့ ထောက်ပြပြီး ကြားဝင်ဆွေးနွေးမှု တွေကို လုပ်ကြပါတယ်။ လွတ် လပ်စွာ ပြောဆိုရေးသားခွင့်ကို ပိတ်ပင် တားမြစ်တာမဟုတ်ဘဲ အဲဒီအခွင့်အရေးကိုပဲ လေးလေးစားစား အသုံးပြုပြီး ဆောင်ရွက် နေကြတာလည်း ဖြစ်ပါတယ်။

အဲဒီအခါမှာ စိတ်တိုဒေါသထွက်ပြီး အမုန်းစကားရေးတဲ့သူ ဟာ သူထင်နေတာအပြင် သူမသိသေးတဲ့ တခြားအချက်တွေရှိပါ သေးလား၊ သူဖြေရှင်းနေတဲ့နည်း မဟုတ်ဘဲ တခြားဖြေရှင်းနည်း တွေ ရှိနေပါသေးလားဆိုတာကို  သိသွားပါတော့တယ်။ အဲဒီလို သိနားလည်သွားတဲ့အခါမှာ လေ သံပြင်းတာတွေဟာ လေသံပျော့ တဲ့ဘက်ကို ရောက်သွားသလို အ မုန်းစကားရေးသူတွေ ကိုယ်တိုင် ကပဲ အမုန်းစကားပပျောက်ရေး မှာ ပါဝင်လက်တွဲလာကြပါတော့  တယ်။ လက်ရှိမှာတော့ အဲဒီနည်းလမ်းဟာ အင်မတန်အောင်မြင် နေပြီး #IAmHere အဖွဲ့ဝင်တွေ ဟာလည်း ကမ္ဘာတစ်လွှားမှာ  ထောင်သောင်းချီပြီး ရှိနေကြပါ ပြီ။

#IAmHere ဆိုတဲ့ အမုန်းစကားပပျောက်ရေး လှုပ်ရှားမှုအဖွဲ့ကို စပြီးတည်ထောင်တာက တော့ ဆွီဒင်နိုင်ငံကပါ။ အမျိုးသမီး သတင်းစာဆရာတစ်ဦးဖြစ် တဲ့ မီနာဒန်းနာ့တ်ဆိုသူက စတင်တည်ထောင်ခဲ့တာပါ။ သူ့ကို #JaGarHar လို့ သိကြပါသတဲ့။ ‘‘ကျွန်မတို့ဟာ ဒေါသတကြီး တုံ့ပြန်တာမျိုးတွေကို ဘယ်တော့မှ မလုပ်ပါဘူး။ အေးအေးဆေး ဆေး တည်တည်ငြိမ်ငြိမ်နဲ့ပဲ ရှင်းလင်းတင်ပြဆွေးနွေးကြတာဖြစ် ပါတယ်’’လို့ မီနာကပြောပါတယ်။ အဲဒီအဖွဲ့ဟာ အခုဆိုရင် အဖွဲ့ဝင် ပေါင်း ၇၅,၀၀၀ ရှိနေပါပြီ။ဂျာမနီနိုင်ငံက မားကက်တင်းအ တိုင်ပင်ခံတစ်ဦးဖြစ်သူ ဟိန်းစ်လေးကလည်း ဂျာမန်လို IAm Here လို့ အဓိပ္ပာယ်ရတဲ့ #IchBinHier အဖွဲ့ကို တည်ထောင် ထားပါသေးတယ်။ အဲဒီအဖွဲ့ဟာ လည်း အဖွဲ့ဝင်ပေါင်း ၄၅,၀၀၀ လောက်ရှိနေပါပြီ။

‘‘ကျွန်တော်ဟာ အမုန်း စကားကွန်မန့်တွေကို လွန်ခဲ့တဲ့နှစ်အတော်ကြာကတည်းက တွေ့နေခဲ့ပြီး အဲဒီလို မန့်နေကြတာတွေဟာ များပြားလွန်းကြတာ ကြောင့် ဘယ်လိုမှ မတတ်နိုင်ကြ တော့ဘူးလို့တောင် ထင်မိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလူစုတွေလိုပဲ နောက်ထပ်အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး  စနစ်တကျ တုံ့ပြန်ကြည့်မယ်လို့  တွေးမိပြီး ဒီအဖွဲ့ကို တည်ထောင်ဖြစ်ခဲ့တာပါ’’လို့ ဟိန်းစ်လေးက ပြောပါတယ်။ သူတို့ အဖွဲ့သားတွေကို အပြုသဘောနဲ့ တုံ့ပြန်မှုတွေရှိသလို မကောင်းမြင်တဲ့ သဘောနဲ့ တုံ့ပြန်ပြီး ခြိမ်းခြောက်မှုတွေရှိပေမယ့်လည်း သူတို့အဖွဲ့ သားတွေကတော့ ညီညီညာညာနဲ့  ဆက်လုပ်နေကြဆဲပါပဲ။

အားလုံးဝိုင်းဝန်းကူညီကြ
အဲဒီ အမုန်းစကားပပျောက် ရေး လှုပ်ရှားတဲ့အဖွဲ့တွေကို သက်ဆိုင်ရာတွေကလည်း ထောက်ခံကူညီပေးကြသလို Facebookကုမ္ပဏီကလည်း သူဆောင်ရွက် နေတဲ့ Online Civil Courage Initiative အစီအစဉ်ရဲ့ ကဏ္ဍတစ် ရပ်အနေနဲ့ ကူညီလျက်ရှိပါတယ်။ #IAmHere အဖွဲ့တွေအနေနဲ့ သူတို့လှုပ်ရှားမှုတွေနဲ့ ပတ်သက် လို့ ကြော်ငြာမှုတွေကို Facebook က အခကြေးငွေမယူပါဘူး။ ပြီးတော့ကာ အဲဒီအဖွဲ့တွေက သတင်းပေးပို့တာတွေကိုဆိုရင်  လည်း ချက်ချင်းအရေးယူဆောင် ရွက်ပေးနေပါတယ်။

တမင်လုပ်နေသူတွေအတွက်က တော့
ဒါပေမဲ့ ဘယ်လိုနည်းတွေကို ပဲ သုံးသုံး၊ ဘယ်လိုပဲ နားချဖျောင်းဖျကြသည်ဖြစ်စေကာမူ အမုန်း စကားတွေကို တမင်တကာဖန်တီးပြီး ပဋိပက္ခတွေမဖြစ်ဖြစ်အောင်  တမင်တကာ လုပ်နေသူတွေက လည်း ရှိနေကြဦးမှာပါ။ အဲဒီလို လူစားမျိုးတွေအတွက်ကတော့ ငြိမ်းချမ်းမှုကိုလိုလားတဲ့ လူ့အဖွဲ့အစည်းမှာ နေရာမရှိပါ။ ပြီးတော့ ကာ အဲဒီလိုလုပ်နေသူတွေဟာ  လွတ်လပ်စွာပြောဆိုရေးသားခွင့် ဆိုတဲ့ အခွင့်အရေးနဲ့ မထိုက်တန် သူတွေသာ ဖြစ်တယ်ဆိုတာကို လည်း အားလုံးက သိရှိနားလည် ထားဖို့လိုပါလိမ့်မယ်။ ဒီတော့ကာ  အဲဒီလို လွတ်လပ်စွာပြောဆိုရေး သားခွင့်နဲ့ မထိုက်တန်သူတွေနဲ့  ပတ်သက်လို့လည်း အားလုံးကအဆင့်အတန်းရှိရှိ နည်းစနစ်ကျ ကျနဲ့ ညီညီညာညာ ဝိုင်းဝန်းတား ဆီးကြရမှာပါ။

ဘာကြောင့် မလုပ်နိုင်ကြရမှာလဲ
ဒီတော့ကာ လူမှုကွန်ရက်တစ်ခွင် အမုန်းစကားပပျောက် ရေးနဲ့ လျော့ပါးရေးအတွက် သူတို့ဆီမှာတောင် ဒီလိုလုပ်နေကြပြီဆို တော့ကာ ကျွန်တော်တို့လည်း ဘာကြောင့် မလုပ်နိုင်ကြရမှာလဲ။

No comments:

Post a Comment