Friday, June 14, 2019

ပြည်ပ၀ယ်ယူမှု များသောကြောင့် ငြုပ်အစိုများ ဈေးနှုန်းမြင့်တက်

ငြုပ်အစိုများကို တရုတ်နှင့် ယိုးဒယားနိုင်ငံတို့မှဝယ်ယူမှု များသောကြောင့် ပြည်တွင်းငြုပ်အစို ဈေးနှုန်းများ မြင့်တက်နေကြောင်း စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးခင်ဟန်ကပြောသည်။ " မြစ်ဝကျွန်းပေါ်မှာရှိတဲ့ အစို မိုးထောင်ငြုပ်သီး သာမိုနဲ့ ဒီမိုဆိုပြီး နှစ်မျိုးရှိတယ်။ အဲ့ဒါတွေကို အစိမ်းအတိုင်းဝယ်တာ။ ကျွန်တော်တို့ အအေးခန်းကားတွေနဲ့ ပို့နေတယ်။ တကယ်လို့ အစိုတစ်ပိဿာကို လှမ်းမယ်ဆိုရင် ကျပ် ၂၄၀၀၀၊ ၂၅၀၀၀ လောက်ကျမယ်။ ဘာလို့ဆို သူက ၄ ချိုး ၁ ချိုးပဲ ထွက်တယ်။ အခုက အစိုအတိုင်းပဲ သွားနေတဲ့အတွက် အခြောက်ကို မရှိဘူး။ မရှိတော့ အိန္ဒိယက ၀င်တာရှိတယ်၊ တချို့လည်း ဗီယက်နမ်က ၀င်တာရှိတယ်၊ ပြီးခဲ့တဲ့နှစ်က လက်ကျန်တွေရှိတယ်။ အဲ့ဒါတွေ ရောင်းနေကြတယ်။ ဒီရက်ပိုင်းမှာ ဈေးက အတော်တက်သွားတယ်။ "ဟု ၎င်းကပြောသည်။



ယခင်က ငြုပ်အစိုဈေး ကျပ် ၁၅၀၀ မှ ၂၀၀၀ အတွင်း ရှိခဲ့သော်လည်း လက်ရှိတွင် ငြုပ်အစို တစ်ပိဿာလျှင် ၈၅၀၀ ကျပ်အထိ ဈေးနှုန်း မြင့်တက်နေသည်ဟုဆိုသည်။

ယင်းကဲ့သို့ ပြည်တွင်း၌ ငြုပ်အစို ရှားပါးနေသည့်အတွက် စားသုံးသူများ နစ်နာမှု မရှိစေရန် နယ်စပ်မှ တရားဝင် တင်သွင်းခွင့်ပြုရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနသို့ အကြံပြု တင်ပြထားသည်ဟုဆိုသည်။

" သူတို့ဘက်ကလည်း FDA ထောက်ခံချက်ပေးဖို့၊ အသင်းကို ဒါကိုသွင်းခွင့်ပြုဖို့ ထောက်ခံချက် တောင်းတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ ဆုံးဖြတ်ပြီး ပေးလို့မရဘူး။ နိုင်ငံတော် အနေနဲ့ပဲ လုပ်လို့ရမယ်။ အဲ့ဒါလေးကိုတော့ အကြံပေးထားတယ်။ သူတို့ ဒီရက်ပိုင်းမှာပဲ ကျောက်ဆည်မှာ အစည်းအဝေး လုပ်မယ်ဆိုတော့ အစည်းအဝေးလုပ်ပြီး သူတို့ တင်ပြပြီးရင်တော့ သွင်းခွင့်ပြုသင့်တယ်ဆိုရင် သူတို့ ခွင့်ပြုမှာပေါ့။ တကယ်လို့ ခွင့်ပြုလိုက်ပြီ ဆိုရင်တော့ ထိုက်သလောက်တော့ ဈေးနည်းနည်း လျော့သွားမယ်။ အဲ့ဒီ့လိုမှ မဟုတ်ဘူး ဆိုရင်တော့ မကြာခင်မှာ ငြုပ်သီးက တစ်သောင်း အထက်နားမှာ ရောက်သွားလိမ့်မယ်" ဟုဆိုသည်။

မိုးထောင်ငြုပ်သီးဈေးနှုန်းသည် ယခင်က တစ်ပိဿာလျှင်ကျပ် ၄၀၀၀ ၀န်းကျင်ခန့်ရှိရာမှ ယခုအခါ ကျပ် ၆၀၀၀ ခန့်အထိ မြင့်တက်လာခဲ့သည်ဟုဆိုသည်။

ငြုပ်အစိုများကို ပြည်ပသို့ တင်ပို့ရာတွင် အစိမ်းအတိုင်းဖြင့်သာ တိုက်ရိုက် အအေးခန်းအတွင်း ထည့်သွင်းသိုလှောင် ၀ယ်ယူခြင်းဖြစ်ကြောင်းသိရသည်။

"အရင်က ၀ယ်ပေမယ့် အခုလို အများကြီး မ၀ယ်ဘူး။ အဓိက သူတို့ဝယ်နေတာက ဗီယက်နမ်နဲ့ အိန္ဒိယကပါ။ အဲ့ဒီ့ နိုင်ငံတွေက ၀ယ်လို့မရလို့ မြန်မာနိုင်ငံက ၀ယ်တယ်လို့ကြားတယ်။ ဒီရက်ပိုင်း တော်တော် ၀ယ်အားကောင်းတယ်။ တစ်ယောက်ကို ကားအစီး ၁၅၊ ၂၀ လောက် ၀ယ်နေတာ။ စိုက်တဲ့သူက ခြောက်အောင်တောင် စောင့်စရာ မလိုဘူး။ အစိုတွေ စွတ်ရောင်းပစ်တာ"ဟု ဦးခင်ဟန်ကပြောသည်။

တရုတ်နိုင်ငံအနေဖြင့် ယခင်က ငြုပ်ဝယ်ယူမှု နည်းပါးခဲ့သော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ နောက်ဆုံးပတ်မှ စတင်၍ ပိုမို ၀ယ်ယူလာခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ မြစ်ဝကျွန်းပေါ် ဒေသများဖြစ်သည့် မအူပင်၊ ဟင်္သာတ၊ ၀ါးခယ်မ၊ ရွှေလောင်း စသည့် ဒေသများမှ ထွက်ရှိသည့် ငြုပ်များ ၀င်ရောက်နေပြီး မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများမှ ထွက်ရှိသော ငြုပ်များသည်လည်း ဈေးကွက်အတွင်း မကြာမီ ၀င်ရောက်လာတော့မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment