Friday, June 14, 2019

ဘရာဇီးတိုက်စစ်မှူး ဝက်စ်လေကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် အက်စ်တွန်ဗီလာ ခေါ်ယူ

ပရီးမီးယားလိဂ် တန်းတက်အသင်းဖြစ်တဲ့ အက်စ်တွန်ဗီလာဟာ ဘယ်လ်ဂျီယံကလပ် ကလပ်ဘရုဂ်က ဘရာဇီးတိုက်စစ်မှူး ဝက်စ်လေကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပါတယ်။ အက်စ်တွန်ဗီလာဟာ တိုက်စစ်မှူး ဝက်စ်လေကို ပေါင် ၂၂ သန်းနဲ့ ငါးနှစ်စာချုပ်ချုပ် ခေါ်ယူလိုက်တယ်လို့ မက်ထရိုသတင်းမှာ ဖော်ပြပါတယ်။ ဒီပြောင်းရွှေ့ကြေးဟာ ၂၀၁၁ ခုနှစ်က တိုက်စစ်မှူး ဒါရင်းဘန့်ကို ခေါ်ယူစဉ် ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၈ သန်းထက် ပိုများပြီး စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။


အသက် ၂၂ နှစ်အရွယ် ဝက်စ်လေဟာ ကလပ်ဘရုဂ်မှာ လေးရာသီကြာ ပါဝင်ကစားခဲ့ပြီး ပွဲ ၁၃၀ မှာ ၃၈ ဂိုးသွင်းယူကာ အသင်းဖော်တွေအတွက် ၁၄ ကြိမ် ပံ့ပိုးကူညီခဲ့သလို ချန်ပီယံဆုဖလား နှစ်ကြိမ် ဆွတ်ခူးထားပါတယ်။

သူဟာ ပြီးခဲ့တဲ့ ရာသီမှာတော့ ကလပ်ဘရုဂ်အတွက် ပြိုင်ပွဲစုံ ၁၇ ဂိုး သွင်းယူနိုင်ခဲ့ပြီး အကောင်းဆုံး လူငယ်ကစားသမားဆု ရခဲ့ပါတယ်။

ဝက်စ်လေဟာ အက်စ်တွန်ဗီလာအတွက် အခုရာသီ သုံးယောက်မြောက်ခေါ်ယူတဲ့ ကစားသမားဖြစ်ပြီး သူ့အရင်က လိုင်လီတောင်ပံကစားသမား အန်ဝါအယ်လ်ဂါဇီနဲ့ ဘာမင်ဂမ်တိုက်စစ်မှူး ဂျိုတာတို့ကို ခေါ်ယူထားပါတယ်။

No comments:

Post a Comment