Friday, June 14, 2019

စားသုံးသူ ကာကွယ်ရေး ဥပဒေသစ်တွင် ဆိုင်းငံ့ကာလ တစ်နှစ် ပေးခဲ့ခြင်းကြောင့် ကုန်စည်များပေါ်၌ မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမိန့်ကြော်ငြာစာပါ အချက်များ ၂၀၂၀ ပြည့်နှစ် မတ် ၁၅ ရက်မှစ၍ အာဏာ သက်ရောက်မည်

စားသုံးသူများ ဘေးကင်း လုံခြုံစေရန်အတွက် ကုန်စည်များအပေါ်တွင် သုံးစွဲပုံနှင့် ပတ်သက်သည့် သတင်း အချက်အလက် သို့မဟုတ် ညွှန်ကြားချက်များကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာ  တွဲလျက် ဖြစ်စေ ဖော်ပြရန် လိုအပ်သည့် အမိန့်ကြော်ငြာစာကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်က ထုတ်ပြန်ခဲ့ပြီး ပြင်ဆင်ချိန်ကာလ ခြောက်လ သတ်မှတ်ခဲ့သော်လည်း ၂၀၁၉ ခုနှစ် မတ် ၁၅ ရက်တွင် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်သည့် စားသုံးသူ ကာကွယ်ရေး ဥပဒေအသစ်တွင် ဆိုင်းငံ့ကာလ တစ်နှစ် ပေးခဲ့သည့်အတွက် တစ်နှစ်ပြည့်မြောက်သည့် ၂၀၂၀ ပြည့်နှစ် မတ် ၁၅ ရက်မှစ၍ အာဏာသက်ရောက်မည် ဖြစ်ကြောင်း  စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီမှ သိရသည်။

ယင်းဥပဒေသစ်တွင် စားသုံးသူ အခွင့်အရေးများ အပြည့်အဝ ရရှိနိုင်စေရန်၊ စားသုံးသူ ကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်၊ စားသုံးသူ ကာကွယ်ရေးနှင့် ပတ်သက်၍ တိကျမှန်ကန် ရှင်းလင်းသည့် သတင်း အချက်အလက်များ ဖြန့်ဝေ အသိပေးခြင်းများကို ဆောင်ရွက်နိုင်စေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှု ရရှိစေရေးတို့အတွက် အာမခံချက် ပေးနိုင်သော အရည်အသွေး မြင့်မားသည့် ကုန်စည် သို့မဟုတ်  ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းနိုင်ရန်၊ စားသုံးသူ ကာကွယ်ရေးနှင့် ပတ်သက်၍ စီးပွားရေး လုပ်ငန်းရှင်ဘက်မှလည်း ဥပဒေနှင့်အညီ ဆောင်ရွက်စေရန်၊ စားသုံးသူတို့ကို ဘေးအန္တရာယ် ကင်းရှင်းမ မရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့် ယင်းတို့ကို သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော နစ်နာ ဆုံးရှုံးမှုများကို ကာကွယ်ပေးရန် စသည့် ရည်ရွယ်ချက်များ ပါဝင်ကြောင်း သိရသည်။

“ ဒီအမိန့် ကြော်ငြာစာနဲ့ ပတ်သက်ပြီး  အဓိက အသိပေးလိုတာက ကျွန်တော်တို့အဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ ကုန်ပစ္စည်းအုပ်စု ကိုးမျိုးကို အမိန့်ကြော်ငြာစာပါအတိုင်း လိုက်နာဖို့ ထုတ်ပြန်ထားပါတယ်။ ကုန်ပစ္စည်းအုပ်စု ကိုးမျိုးထဲမှာ အစားအသောက်တွေ၊ အိမ်သုံးပစ္စည်းတွေ၊ ကလေး အသုံးအဆောင်ပစ္စည်းတွေ၊ ဆက်သွယ်ရေးသုံး ပစ္စည်းတွေ၊ လူသုံးကုန် ပစ္စည်းတွေ၊ ဆေးဝါးနဲ့ ဖြည့်စွက်စာတွေ၊ ဓာတုဗေဒ ပစ္စည်းတွေ၊ အလှကုန် ပစ္စည်းတွေ၊ လုပ်ငန်းသုံး ပစ္စည်းကိရိယာတွေ ဖြစ်ပါတယ်။ အဲဒီ ကိုးမျိုးအောက်မှာ အကျုံးဝင်တဲ့ ပစ္စည်းတွေမှာ အမိန့်စာပါ ညွှန်ကြားချက်တွေကို မဖြစ်မနေ ထည့်သွင်း ဖော်ပြရပါမယ်” ဟု စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ပြောကြားသည်။
စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီသည် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၃၁၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အဆိုပါ အမိန့်ကြော်ငြာစာကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း၊ ယင်း အမိန့်ကြော်ငြာစာအရ စီးပွားရေး လုပ်ငန်းရှင်သည် ကုန်စည်များ ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းတို့ ပြုရာတွင် စားသုံးသူ ဘေးကင်း လုံခြုံရေးအတွက် ကုန်စည်များတွင် သုံးစွဲပုံနှင့် ပတ်သက်သော သတင်း၊ အချက်အလက် သို့မဟုတ် ညွှန်ကြားချက်များကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြရန် လိုအပ်ကြောင်းနှင့် စားသုံးသူ ဘေးကင်း လုံခြုံရေးအတွက် ကုန်စည်များကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြရမည့် ဦးစားပေး ကုန်စည်များတွင် သုံးစွဲပုံအညွှန်း၊ ထားသို သိမ်းဆည်းပုံ အညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင် သတိပေးချက်၊ ဘေးထွက် ဆိုးကျိုးများကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြရမည် ဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment