Friday, June 14, 2019

ပြည်သူများ၏ တစ်ဦးချင်းဝင်ငွေကို အခြေခံ၍ လျှပ်စစ်မီတာခနှုန်းထား ပြောင်းလဲမှုများ ဆောင်ရွက်မည်ဖြစ်ပြီး နှုန်းထားပြောင်းလဲရန်အတွက် အဆင်သင့်ဖြစ်နေသော်လည်း အချိန်တစ်ခုစောင့်ဆိုင်းနေဟု သိရ

တစ်ဦးချင်းဝင်ငွေအား အခြေခံ၍လျှပ် စစ်မီတာခနှုန်းထားပြောင်းလဲမှုများကို ဆောင်ရွက်မည်ဖြစ်ပြီး နှုန်းထားပြောင်းလဲရန် အဆင်သင့်ဖြစ်နေသော်လည်း အချိန်တစ်ခုကို စောင့်ဆိုင်းနေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောကြားသည်။ေ နပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာန၌ ဇွန် ၁၃ ရက်က ပြုလုပ်သည့် ဝန်ကြီးဌာန၏ လစဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မီတာခနှုန်းထားပြောင်းလဲသတ်မှတ်မည့် အစီအစဉ်နှင့်ပတ်သက်၍ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။



“ပြင်ဖို့အတွက်က ပြည်သူကိုသွားပြီး တအားကြီးထိခိုက်မှာကို ကျွန်တော်တို့ မလိုလားဘူး။ အခြေခံကျတဲ့ လူတန်းစားကို အခြေခံကျတဲ့ အလျှောက်၊ လူလတ်တန်းစားကို လူလတ်တန်းစားအလျှောက်၊ အထက်တန်းစားကို အထက်တန်းစားအလျှောက်သူ့ရဲ့ ပေးနိုင်တဲ့စွမ်းအား၊ တစ်ဦးချင်းရဲ့ ဝင်ငွေဒါတွေကိုအခြေခံပြီး ကျွန်တော်တို့ ပြောင်းလဲတာတွေ လုပ်ပေးပါမယ်။ တစ်ဖက်ကမြန်မြန် ပြင်စေချင်ပါတယ်။ သို့သော် အချိန်ကလေးတစ်ခုကို စောင့်နေတာပါ။ အဆင်သင့်ဖြစ်နေပါပြီ”ဟု ဦးစိုးမြင့်က ပြောကြားသည်။


နှစ်စဉ်ဝန်ကြီးဌာနမှ စိုက်ထုတ်သုံးစွဲနေရခြင်းကြောင့် လျှပ်စစ်မီခနှုန်းထားများအား ပြင်ဆင်ရမည်ဖြစ်ပြီး ပြင်ဆင်ရန်အတွက်လည်း ဆောင်ရွက်နေကြောင်း ဦးစိုးမြင့်က ပြောကြားသည်။

ဦးစိုးမြင့်က “ရာခိုင်နှုန်းတော်တော်များများလည်း ပြီးနေပြီ။ သို့သော် တစ်ဖက်ပြောနေတဲ့ စကားတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ အစိုးရဆိုတာ ပြည်သူ့ဖက်ကို ရပ်တည်တဲ့အစိုးရဖြစ်တယ်။ ကျွန်တော်တို့ လက်ရှိပြည်သူခံစားနေရတဲ့ အချိန်မှာ ဝုန်းကနဲသွားပြီးတော့ ကိုယ်ချင်းစာတရားနဲ့ ကြည့်ရင်မသင့်တော်ဘူး။ ဒီဒုက္ခတွေ ဘာကြောင့်ခံစားနေရလဲဆိုတော့ ကျွန်တော်တို့က မှီအောင်ထုတ်လုပ်မှုစွမ်းအားတွေ မထုတ်ပေးနိုင်လို့ ဒီဒုက္ခတွေခံစားနေရတယ်” ဟု ပြောကြားသည်။

လက်ရှိတွင်ဆောင်ရွက်နေသည့် အချိန်ပိုင်းအလိုက် မီးအားနှင့်ဝန်အား လျော့ချခြင်းများ ပြုလုပ်နေရခြင်းသည် ထုတ်လုပ်မှု စွမ်းအားများ အပြည့်အဝ မထုတ်နိုင်သေးခြင်းကြောင့်ဖြစ်ပြီး ယင်းသို့ ဖြစ်နေခြင်းများသည် နိုင်ငံအနေအထားအရ ဖြစ်ပေါ်နေသည့် ရန်ပုံငွေဘတ်ဂျက်အနေအထားအရဖြစ်ကြောင်း ဦးစိုးမြင့်က ပြောကြားသည်။

လက်ရှိကာလတွင် ပြည်သူများ၏လျှပ်စစ်ဓာတ်အား သုံးစွဲမှုမြင့်တက်လာခြင်းကြောင့် လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၁၀ဝ၀ နီးပါးလိုအပ်ခဲ့ပြီး လာမည့်နှစ်တွင် မဂ္ဂါဝပ် ၅၀ဝ နီးပါး တိုးတက်လာနိုင်ခြင်းကြောင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်အဖြစ် မဂ္ဂါဝပ် ၁၅၀ဝ ခန့်ရှိမည်ဟု ဦးစိုးမြင့်က ပြောကြားသည်။

လျှပ်စစ်မီတာခနှုန်းထားများ ပြောင်းလဲကောက်ခံရာတွင် သုံးစွဲသည့်ပမာဏအပေါ်အခြေခံ၍ ပြောင်းလဲမည်ဖြစ်ကြောင်း၊ အစိုးရဘက်မှ ကြည့်ပါကလည်း နှုန်းထားပြင်ဆင်ရန်အတွက် မဖြစ်မနေလိုအပ်နေကြောင်း ဦးစိုးမြင့်က ပြောကြားသည်။

လက်ရှိတွင် လျှပ်စစ်မီတာခမှာ ယူနစ် ၁၀ဝ အောက်ဆိုပါက တစ်ယူနစ်လျှင် ကျပ် ၅၀ သတ်မှတ်ထားကြောင်း သိရသည်။

No comments:

Post a Comment