Friday, June 14, 2019

ကျွဲ၊ နွား တင်ပို့သူများကို လက်နက်ကိုင် အဖွဲ့အစည်းများ ငွေကောက်ခံ

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကျွဲ၊ နွားများ တင်ပို့ရောင်းချ ရာလမ်းတွင် လက်နက်ကိုင်အဖွဲ့အစည်းများက ကျပ် ၁၅ သိန်းမှ သိန်း ၂၀ အထိ ငွေကြေးကောက်ခံမှုများ ရှိနေသည် ဟု ကျွဲ၊ နွားတင်ပို့ရောင်းချသူများက ပြောသည်။ "ကျွဲ၊ နွား တရားဝင်တင်ပို့တဲ့သူတွေက အစိုးရကို အခွန်ဆောင်ပြီးဖြစ်လို့ ပိုက်ဆံ ထပ်မပေးချင်တော့ဘူး။ ဘယ်အဖွဲ့လည်းတော့ ကျွန်တော်တို့လည်း မပြောတတ် ဘူး။ လက်နက်ကိုင်တာနဲ့ ကျွန်တော်တို့က သွေးပျက်သွားပြီ။ တောင်းသလောက် ထုတ်ပေးရတာပဲ"ဟု ကျွဲ၊ နွား တရား ဝင်တင်ပို့သူတစ်ဦးက ပြောသည်။



ယင်းအတွက် လက်နက်ကိုင်အဖွဲ့များ ငွေကြေးကောက် ခံမှုမပြုနိုင်သည့် လမ်းကြောင်းမှ တရားဝင် ကျွဲ၊ နွား တင်ပို့နိုင်ရန် အစိုးရက ကူညီဆောင်ရွက်ပေးစေလိုကြောင်း ၎င်းတို့က ပြောသည်။

တရုတ်နိုင်ငံမှ ကျွဲ၊ နွား ဝယ်ယူမှုကို နှစ်ဆန်းပိုင်းက ရပ်ဆိုင်းခဲ့သဖြင့် ကျွဲ၊ နွားပေါက်ဈေးနှုန်း ကျဆင်းခဲ့သော်လည်း မေလမှစတင်ကာ ဈေးပြန်တက်လာကြောင်းကျွဲ၊ နွားရောင်းချသူများက ဆိုသည်။ နွားတစ်ကောင်လျှင် အရွယ်အစားပေါ်မူတည်၍ ၁၅ သိန်းမှ သိန်း ၂၀ အထိ ပေါက်ဈေးရှိနေပြီး ကျွဲတစ်ကောင်လျှင် အကောင်အရွယ်အစားပေါ် မူတည်၍ ၁၇ သိန်းမှ ၂၂ သိန်းအထိ ပေါက်ဈေးရှိသည်။

မြန်မာနိုင်ငံမှ ကျွဲ၊ နွားတင်ပို့မှုဖြစ်စဉ်ကိုကြည့်လျှင် တရုတ်•မြန်မာ နယ်စပ် မူဆယ်မြို့သို့ ကျွဲ၊ နွားများ တင်ပို့ ထားရှိပြီး တရုတ်နိုင်ငံမှ ဝယ်ယူမည့်သူကို စောင့်ဆိုင်း ရောင်းချနေရခြင်းဖြစ်သည်။

"ကျွဲ၊ နွားတွေကို ယူမလား၊ မယူလားမသိဘဲနဲ့ နယ်စပ်ကိုတင်ပို့ပြီး ဝယ်မယ့်သူ မျှော်နေရတာမဟုတ်ဘဲနဲ့ ပြည်တွင်းမှာလည်း ဈေးကွက်တစ်ခုကို ကိုယ့်ဘာသာကိုယ် ဖန်တီးဖို့ လိုပါတယ်။ အဲဒီလိုဆို သူတို့ဘက်က မဝယ်လည်း အိနြေ္ဒရရ နေလို့ရတယ်။ နယ်စပ်မှာ သောင်တင်နေတာ မဖြစ်တော့ဘူးပေါ့။ ဒီဘက်မှာပဲထား၊ ဟိုဘက်က ကျွဲ၊ နွားဝယ်ချင်ရင် လိုသလောက်ကို ငွေရှင်းယူသွားပေါ့"ဟု မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ပြောသည်။

အဆိုပါဈေးကွက်ကို ပြည်တွင်းရှိ ကျွဲ၊ နွားအစာများ ပေါများသောနေရာများဖြစ်သည့် မန္တလေးမြို့၊ နောင်ချိုနှင့် ဗန်းမော်မြို့တို့တွင် ဖော်ဆောင်ထားသင့်သည်ဟု ၎င်းက ဆိုသည်။ ထို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြထားပြီး အစိုးရ ပူးပေါင်းပါဝင်မှသာ ဆောင်ရွက်နိုင် မည်ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ကျွဲ၊ နွားကောင်ရေ ၁၀ သိန်းကို ကိုတာစနစ် (ပမာဏသတ်မှတ်ကာ တရားဝင် ဝယ်ယူခြင်း)ဖြင့် နှစ်နှစ်အတွင်း ဝယ်ယူရန် သတ်မှတ်ထားသော်လည်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည်။

World Organization for Animal Health-OIE ၏ စံချိန်စံညွှန်းများဖြင့် ကိုက်ညီသည့် ကျွဲ၊ နွားများကို မြန်မာနိုင်ငံမှ တင်ပို့ရောင်းချပေးရန် တရုတ်နိုင်ငံဘက်က တောင်းဆိုထားပြီး မြန်မာနိုင်ငံဘက်ကလည်း ဆောင်ရွက်ပေးနိုင် သည်များကို ညှိနှိုင်းနေဆဲဖြစ်သည်။ အဆိုပါညှိနှိုင်းမှု ပြီးစီးပါက နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်မည် ဖြစ်ကြောင်း ဒေါက်တာကျော်ထင်က ဆိုသည်။

"တရုတ်နိုင်ငံမှာ ကျွဲ၊ နွား ဝယ်လိုအားရှိတယ်။ ဒါပေမဲ့ ကိုယ့်ဘက်မှာ ကျွဲ၊ နွားတွေရဲ့ ကျန်းမာရေးထောက်ခံစာနဲ့ ပတ်သက်ပြီး အားနည်းချက်ရှိတော့ ဟိုဘက်က ဝယ်လိုက်၊ မဝယ်လိုက် ဈေးနှိမ်လိုက်ဖြစ်နေတယ်"ဟု ကျွဲ၊ နွား တင်ပို့သူများ၏ အခက်အခဲတစ်ခုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် ဦးလှဆန်းက ထောက်ပြသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကျွဲ၊ နွား တင်ပို့ရာတွင် တရားဝင်တင်ပို့မှုများရှိသလို တရားမဝင် တင်ပို့နေမှုများလည်းရှိသည်။

"ကျွန်တော်တို့ဘက်ကတော့ တရားဝင်တင်ပို့ခွင့် အစိုးရက ခွင့်ပြုထားပါတယ်။ ကျွန်တော်တို့က နယ်စပ်အထိ တင်ပို့ရောင်းခွင့်ရထားပါတယ်။ သူတို့ဘက်က လိုအပ်ချက်ရှိလို့ဝယ်တာပါ။ သူတို့ဘက်ရောက်မှ တရားမဝင်ဖြစ်သွားတာတော့ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ ကျွန်တော်တို့ဘက် မှာလည်း အစိုးရကို အခွန်ဆောင်ပြီး တင်ပို့ရောင်းချတာနဲ့ အခွန်မဆောင်ဘဲ တရားမဝင် တင်ပို့ရောင်းချတာလည်း ရှိပါတယ်"ဟု မန္တလေးတိုင်း ကျွဲ၊ နွားတင်ပို့သူများအသင်း ဥက္ကဋ ဦးစိုးနိုင်က ပြောသည်။

No comments:

Post a Comment