Tuesday, May 28, 2019

ငါးဖမ်းစက်လှေနှစ်စင်း လေပွေမိ၊ ရေလုပ်သားရှစ်ဦးသေဆုံး

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် သာယာမြိုင်ကျေးရွာ မုတ္တမပင်လယ် ကမ်းခြေရှိ အရှေ့ဘက် ခြောက်မိုင်ခန့်အကွာ မီးလောင် ချောင်းဝ ပင်လယ်ကမ်းစပ်တွင် မေ ၂၆ ရက် မွန်းတည့် ၁၂ နာရီက လူသေအလောင်း ရှစ်လောင်းတွေ့ရှိကြောင်း သတင်းရရှိသဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော အဖွဲ့သည် သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။



ယင်းသို့ စစ်ဆေးရာတွင် သေဆုံးသူများ မှာ ဦးကျော်သူ အသက် (၄၀)၊ ကိုကျော်စိုးလွင် (၂၅)နှစ်၊ ဦးစိုးဦး အသက် (၄၀)၊ ကိုလူချော အသက်(၂၀)၊ ဦးနိုင် (၄၇)နှစ်၊ ဦးထွန်းထွန်း(၅၃)နှစ်၊ ဦးနိုင်ဝင်း (၅၃)နှစ်၊ ဦးအောင်အောင် (၃၆)နှစ်၊ အလှပ်ကျေးရွာပေါင်မြို့နယ် မွန်ပြည်နယ်နေ ရေလုပ်သားများဖြစ်ကြပြီး ပင်လယ်ပြင်တွင် စက်လှေနှစ်စင်းဖြင့် ငါးဖမ်းပိုက်ထောင်ထားစဉ် မေ ၂၆ ရက် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်ခန့်တွင်ပင်လယ်ပြင်လေပွေမိ၍ စက်လှေနှစ်စင်း တိမ်းမှောက်နစ်မြုပ်ခဲ့သဖြင့် စက်လှေနှစ်စင်းပါ ၁၂ ဦးတွင် စုစုပေါင်း ရေလုပ်သား ရှစ်ဦး ရေနစ်သေဆုံးခဲ့ပြီး လေးဦးက အသက်ရှင်ခဲ့ကြောင်း အသက်ရှင်ကျန်ရစ်သူ ပဲ့နင်းကိုအောင်သန်းဝင်းနှင့် ကိုကျော်ထူးအောင်တို့၏ပြောပြချက်အရ သိရသည်။

တာဝန်ရှိသူများက အလောင်းများကို စစ်ဆေးရာ ပြင်ပဒဏ်ရာမတွေ့ရှိရဘဲရေနစ်သည့်လက္ခဏာဖြင့် သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊မဟုတ်သိရှိနိုင်ရန် သုံးခွမြို့မ ရဲစခန်းက သေမှုသေခင်းအမှတ် ၉/၂၀၁၉ ဖြင့် အမှုရေးဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment