Tuesday, May 28, 2019

နယ်စပ် ကုန်သွယ်ရေး ၈၀ ရာခိုင်နှုန်းခန့် လျော့နည်း၊ ပြည်တွင်း ဆန်လက်ကျန် တန် ၃သန်းကျော် ကျန်ရှိ

လက်ရှိတွင် တရုတ်နိုင်ငံသို့အဓိကထား တင်ပို့နေရသည့် နယ်စပ်ကုန်သွယ်ရေးမှာ ၈၀ ရာခိုင်နှုန်းခန့် လျော့နည်းပြီး ပြည်တွင်း၌ ဆန်လက်ကျန် တန်ချိန် ၃ သန်းခွဲခန့် ကျန် ရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးကပြောသည်။ "ဈေးနှုန်းကျဆင်းမှုမှာ ပုံမှန်တင်ပို့နေကျ တရုတ်ဈေးကွက်ဟာ ၈၀ ရာခိုင်နှုန်းလောက် လျော့သွားတယ် ။ နယ်စပ်တင်ပို့မှုလျော့သွားတဲ့ အပြင် ပင်လယ်ရေကြောင်းတင်ပို့မှုမှာလဲ အီးယူက GSP အခွင့်ရေးနဲ့ပတ်သက်ပြီး ဆန်လုံးရှည်တွေကို GSP ရုတ်သိမ်းခဲ့တဲ့အတွက် ဝယ်လိုအကျဆင်းပြီး ဈေးကွက်တွေ နဲနဲလျော့သွားတယ်။ ပြည်တွင်း ဆန်လက်ကျန်က ဒီနှစ်မှာ အများကြီးရှိတယ် အနည်းဆုံး ၃သန်းနဲ့ ၃သန်းခွဲမှာရှိတယ်"ဟု ၎င်းကပြောသည်။



လက်ရှိ တရုတ်နိုင်ငံ၏ စီးပွားရေးပေါ်လစီသည် တရားမဝင် ကုန်သွယ်ရေးကို တင်းကြပ်စွာ ဆောင်ရွက်နေသောကြောင့် နယ်စပ်ကုန်သွယ်ရေးမှာ ရပ်တန့်လျက်ရှိနေသည်။

တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေရသည့် နယ်စပ်ဂိတ်ဖြစ်သော မူဆယ်နယ်စပ်တွင် ဆန်အိတ်ရေ ၁၀ သိန်း နှင့် သကြားအိတ်ရေ ၁၆ သိန်းခန့် ဖေဖော်ဝါရီလမှစ၍ သောင်တင်နေခြင်းဖြစ်ကာ ယခုအချိန်ထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးပေ။

"၂၀၁၂ ကနေ ၂၀၁၈ ထိ တရုတ်ကို တို့ဘက်က တရားဝင် တင်ပို့ခဲ့ပေမယ့် တရုတ်ဘက်က နယ်စပ်မှာ တရားမဝင် တင်သွင်းမှုအနေနဲ့ လုပ်ခဲ့တယ်။ အခုတရုတ်ပြည်ရဲ့ စီးပွားရေးပေါ်လစီက တရားမဝင်ကုန်သွယ်မှုတွေကို တော်တော်လေးတင်းတင်းကြပ်ကြပ်နဲ့ ဆောင်ရွက်တဲ့ အတွက် အခုရပ်နေပြီ"ဟု ၎င်းကဆိုသည်။

တရုတ်နိုင်ငံက မှောင်ပစ္စည်းတိုက်ဖျက်ရေး စီမံချက်နှင့် လုပ်ဆောင်နေသည့်အတွက် အဖမ်းအဆီး များသောကြောင့် ကုန်သည်များက အရောင်းအဝယ် ပြုလုပ်၍ မရသဖြင့် ယင်းကဲ့သို့ သောင်တင်နေခြင်း ဖြစ်သည်။

"ဖေဖော်ဝါရီလ ထဲက ပိတ်တာ ၃လလောက်ရှိပြီ။လောလောဆယ်တော့ ဂိုဒေါင်ထဲပဲ ထည့်ထားရတယ်။ သကြားကတော့ ၁နှစ်လောက် ထားလို့ရတယ်၊ ဆန်ကတော့သိပ်မလွယ်ဘူး။ လောလောဆယ်တော့ ပျက်စီးမှု မရှိသေးဘူး ။တချို့ကလဲ မန္တလေးကို ပြန်ပို့ဖို့ စီစဉ်နေကြတယ်။ အဖမ်းအဆီးများတာကြောင့် ဒီဘက်က မသွားရဲတာပါ ၊သွားရင် ဖမ်းတယ်ဆိုတော့ မသွားရဲကြတော့ဘူး ၊ ဝယ်တဲ့သူကလဲ ဖမ်းတယ်ဆိုတော့ လာမဝယ်ရဲဘူး"ဟု မူဆယ် ဆန်ကုန်သည် ဦးမင်းသိန်းကပြောသည်။

ထိုသို့ ပိတ်မိနေခြင်းတွင် ဆန်ကုန်သည် ၄၀ ခန့်နှင့် သကြားကုန်သည် ၃၀ ခန့် ပါဝင်ပြီး ယင်းကိစ္စကြောင့် ပြည်တွင်း၌ ဆန်စပါးဈေးနှုန်းများ ကျဆင်းလျက် ရှိကြောင်းသိရသည်။

ထို့ပြင် ယင်းကိစ္စနှင့်ပတ်သက်၍လည်း နိုင်ငံတော်အတိုင်ပင်ခံ တရုတ်ပြည်ခရီးစဉ်တွင် ယခုနှစ်အတွင်း ဆန်တန်ချိန် ၁သိန်းကို တရားဝင် တင်ပို့နိုင်ရေးအတွက် MoU ရေးထိုးရန် ညှိနှိုင်းခဲ့ကြောင်းသိရသည်။

No comments:

Post a Comment