Tuesday, May 28, 2019

တပ်မတော် စိုက်ပျိုးမွေးမြူရေးခြံများမှ ထွက်ရှိသည့်သီးနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် အသားငါးများအား တပ်မတော်သား မိသားစု ဝင်များနှင့်ဒေသခံပြည်သူများသို့ စုစုပေါင်း ငွေကျပ် ၁၄ဒသမ ဘီလီယံကျော် သက်သာစွာ ရောင်းချ ပေးနိုင်ခဲ့

တပ်မတော်သားမိသားစုဝင်များနှင့် ဒေသခံပြည်သူလူထု၏ စားရေးအတွက် အထောက်အကူ ဖြစ်စေရန်နှင့် ကုန်ဈေးနှုန်း မြင့်တက်လာမှုအား တစ်ဖက်တစ်လမ်းမှ လျှော့ချပေးနိုင်ရန်ရည်ရွယ်၍ တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံများနှင့် တပ်ရင်း/တပ်ဖွဲ့များရှိ စိုက်ပျိုးမွေးမြူရေးခြံများ၌ သီးနှံများ၊ ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါးများ၊ နွားနို့၊ ကြက်ဥနှင့် ဘဲဥများကို မျိုးကောင်းမျိုးသန့်များဖြင့် နည်းစနစ်မှန်ကန်စွာ ဖြစ်ထွန်း အောင်မြင်အောင် စိုက်ပျိုးမွေးမြူလျက်ရှိသည်။
အဆိုပါ စိုက်ပျိုးမွေးမြူရေးခြံများမှ ထွက်ရှိသည့် သန့်ရှင်းလတ်ဆတ်သော သီးနှံများ၊ ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါးများ၊ နွားနို့၊ ကြက်ဥနှင့် ဘဲဥများအား တပ်မတော်သားမိသားစုဝင်များနှင့် ဒေသခံပြည်သူများအား ပြင်ပပေါက် ဈေးထက်ပို၍သက်သာသောဈေးနှုန်းများဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် ရောင်းချပေးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။

ထိုသို့ရောင်းချပေးလျက်ရှိရာ ၂ဝ၁၈ ခုနှစ် တစ်နှစ်လုံးတွင် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ဘက်စုံစိုက်ပျိုး မွေးမြူရေး ခြံများနှင့် တပ်ရင်း/ တပ်ဖွဲ့များရှိ စိုက်ပျိုးမွေးမြူရေးခြံများမှထွက်ရှိသည့် အသားငါးများ၊ နွားနို့၊ ကြက်ဥ၊ ဘဲဥများ၊ အသီးအနှံများနှင့် ရာသီပေါ် ဟင်းသီးဟင်းရွက်များအား တပ်တွင်းမိသားစုဝင်များသို့ သက်သာသော နှုန်းထားဖြင့် ရောင်းချပေးခဲ့ရာ စုစုပေါင်းငွေကျပ် ၁ဝ ဘီလီယံကျော် သက်သာစေခဲ့သည်။ မိသားစုများသို့ ရောင်းချ ပေးပြီး ပိုလျှံသည့် ကြက်သားပိဿာ ၁၅ဝဝဝဝ ကျော်၊ ဝက်သားပိဿာ ၄၆ဝဝဝကျော်၊ အမဲသားပိဿာ ၄ဝဝဝ ကျော်၊ ငါးပိဿာ ၂၃ဝဝဝ ကျော်၊ ဆိတ်သား ၂၄ ပိဿာ ကျော်၊ နွားနို့ပိဿာ ၅ဝဝဝဝ ကျော်၊ ကြက်ဥလုံးရေ ၂၆၃ သိန်းကျော်၊ ဘဲဥလုံးရေ ၈၆ဝဝဝ ကျော်နှင့် အသီးအနှံများနှင့် ရာသီပေါ်ဟင်း သီးဟင်းရွက်များအား စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တပ်နယ် ပတ်ဝန်းကျင်ရှိ ပြည်သူလူထုများသို့ ပြင်ပပေါက်ဈေးထက် သက်သာအောင် ရောင်းချ ပေးနိုင်ခဲ့ရာ စုစုပေါင်းငွေကျပ်သိန်းပေါင်း ၈၅ဝဝ ကျော် သက်သာခဲ့သည်။ ထို့ပြင် ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ယခု အထိတွင်လည်း တပ်တွင်းမိသားစုဝင်များသို့ စုစုပေါင်းငွေကျပ် ၃ ဒသမ ၆ ဘီလီယံကျော် သက်သာစွာရောင်းချပေးနိုင်ခဲ့ပြီး ပိုလျှံသည့် ကြက်သားပိဿာ ၇ဝဝဝဝ ကျော်၊ ဘဲသား ၈၇ ပိဿာ၊ ဝက်သားပိဿာ ၂၂ဝဝဝ ကျော်၊ အမဲသားပိဿာ ၁၈ဝဝ ကျော်၊ ဆိတ်သား ၆၆ ပိဿာ၊ ငါးပိဿာ ၂၈ဝဝဝ ကျော်၊ နွားနို့ ပိဿာ ၂၁ဝဝဝ ကျော်၊ ကြက်ဥလုံးရေ သိန်း ၁၂ဝ ကျော်၊ ဘဲဥလုံးရေ ၉၃ဝဝဝ ကျော်နှင့် ရာသီပေါ် ဟင်းသီးဟင်းရွက် အသီး အနှံများကို စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူလူထုများသို့ စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၄ဝဝဝ ကျော်သက်သာစွာ ရောင်းချပေးနိုင်ခဲ့သည်။

ထိုသို့ရောင်းချပေးရာတွင် ပျမ်းမျှအားဖြင့် ကြက်ဥတစ်လုံးပြင်ပပေါက်ဈေး ၁၂ဝ ကျပ်အား တပ်မိသားစုများသို့ ၉ဝ ကျပ်နှုန်း၊ ပြင်ပသို့ ၉၅ ကျပ်နှုန်း၊ ဘဲဥတစ်လုံးပြင်ပပေါက် ဈေး ၁၃ဝ ကျပ်အား တပ်မိသားစုများသို့ ၁ဝဝ ကျပ်နှုန်း၊ ပြင်ပသို့ ၁၁ဝ ကျပ်နှုန်း၊ ဝက်သား တစ်ပိဿာလျှင် ပြင်ပပေါက်ဈေး ၈ဝဝဝ ကျပ်အား တပ်မိသားစုများသို့ ၅ဝဝဝ ကျပ်နှုန်း၊ ပြင်ပသို့ ၅၅ဝဝ ကျပ်နှုန်း၊ ကြက်သား တစ်ပိဿာလျှင် ပြင်ပပေါက်ဈေး ၆ဝဝဝ ကျပ်အား တပ်မိသားစုများသို့ ၄ဝဝဝ ကျပ်နှုန်း၊ ပြင်ပသို့ ၄၅ဝဝ ကျပ်နှုန်း၊ အမဲသားတစ်ပိဿာလျှင် ပြင်ပပေါက်ဈေး ၁ဝဝဝဝ ကျပ်အား တပ်မိသား စုများသို့ ၆ဝဝဝ ကျပ်နှုန်း၊ ပြင်ပ သို့ ၇ဝဝဝ ကျပ်နှုန်း၊ ဆိတ်သားတစ်ပိဿာ လျှင် ပြင်ပပေါက်ဈေး ၁၂ဝဝဝ ကျပ်အား တပ်မိသားစုများသို့ ၆၅ဝဝ ကျပ်နှုန်း၊ ပြင်ပသို့ ၇ဝဝဝ ကျပ်နှုန်း၊ ငါးတစ်ပိဿာလျှင် ပြင်ပပေါက်ဈေး ၂၈ဝဝ ကျပ်အား တပ် မိသားစုများသို့ ၂၄ဝဝ ကျပ်နှုန်း၊ ပြင်ပသို့ ၂၆ဝဝ ကျပ်နှုန်း၊ ဘဲသားတစ်ပိဿာလျှင် ပြင်ပပေါက်ဈေး ၅ဝဝဝ ကျပ်အား တပ်မိသားစု များသို့ ၃၅ဝဝ ကျပ်နှုန်း၊ ပြင်ပသို့ ၄ဝဝဝ ကျပ်နှုန်းတို့ဖြင့် သက်သာစွာရောင်းချပေးနိုင် ခဲ့ကြောင်း သိရှိရသည်။ တပ်မတော်အနေဖြင့် တပ်မတော်သား မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများသို့ သက်သာသောဈေးနှုန်းများဖြင့် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အသားငါးများ၊ ဟင်းသီးဟင်းရွက်များ ရောင်းချပေးနိုင်ရန်နှင့် ရောင်းလိုအား၊ ဝယ်လိုအားကို မျှတစေပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျ အောင်မြင်ဖြစ်ထွန်းအောင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment