Tuesday, May 28, 2019

ကျိုင်းတုံမြို့ရိုးနှင့် ကျုံးကို ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ရန် အစီအစဉ်မရှိသေး

ktplရှမ်းပြည်နယ် ကျိုင်းတုံမြို့ရိုးနဲ့ ကျုံးတို့ကို လောလောဆယ်မှာ ယဉ်ကျေးမှု အမွေအနှစ်ဒေသ အဖြစ်သတ်မှတ် ကာကွယ်ထိန်းသိမ်းဖို့ အစီအစဉ်မရှိသေးဘူးလို့ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ဒုဝန်ကြီး ဦးကြည်မင်းက ပြောပါတယ်။ေ မ ၂၇ ရက်ကကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ် တယောက်က မေးတာကို ဒုဝန်ကြီးက ပြန်ဖြေခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ဒေသခံတွေ၊ လက်ရှိနေထိုင်သူတွေ ပူးပေါင်းကာကွယ်စောင့်ရှောက်ဖို့ တိုက်တွန်းသွားပါတယ်။


ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၆) က ကိုယ်စားလှယ် ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ် က “ကျိုင်းတုံမြို့ဟာ ရှေးဟောင်းမြို့တော်ဖြစ်ပြီး ၁၂ ရာစု ကတည်းက စည်ကားတဲ့မြို့ဖြစ်ပါ တယ်။ အေဒီ ၁၂၅၃ ကစပြီး နောက်ဆုံး ၁၉၆၂ ခုနှစ်အထိ စော်ဘွားဆက် ၄ ဆက်အုပ်ချုပ်ခဲ့ ကြောင်း သိရပါတယ်။ အဲဒီတုန်းက ပြည်ပက ကျူးကျော်စစ်တွေ အကြိမ်ကြိမ်လာရောက် တိုက်ခိုက်ခံရတာကြောင့် ပြည်ပရန်ကိုကာကွယ်နိုင်ဖို့ မြို့ရိုး၊ ကျုံး၊ ခံတပ်တွေကို အေဒီ ၁၃၆၀ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့ကြောင်း ရာဇဝင်မှတ်တမ်းတွေ အရ သိရပါတယ်။ အခု လက်ရှိ မြင်တွေ့နေရတဲ့ မြို့ရိုးနဲ့ ကျုံးကိုတော့ ၁၈၀၂ ခုနှစ်မှာ ပြင်ဆင်ခဲ့တာကြောင့် နှစ် ၂၀၀ ကျော်ပြီဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကျိုင်းတုံမြို့မှာ အရင်က မြို့တံခါး ၁၂ ပေါက်ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ပါလျန်တံခါးတခုပဲ မူလအတိုင်းရှိနေတယ်လို့လည်း သူက ပြောပါတယ်။

ကျုံးနေရာမှာ မြေဖို့ထားတာတွေရှိသလို မြို့ရိုးပေါ်မှာလည်း ကျူးကျော်တာတွေ ရှိနေပြီး ဒါတွေဟာမြို့ရဲ့ သမိုင်းအထောက်အထား တခုလည်းဖြစ်နေတာကြောင့် မြို့ရိုးနဲ့ကျုံးကို ထပ်ပြီး အပျက်စီးမခံရအောင် ကာကွယ်ပေးဖို့ အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ပါတယ်။

ဒီမေးခွန်းနဲ့ ပတ်သက်ပြီး သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးကြည်မင်းက “ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ ကျိုင်းတုံမြို့ရိုးနဲ့ ကျုံးကို ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ်သတ်မှတ်မယ်ဆိုရင် ပထမဆုံး ယဉ်ကျေးမှု အမွေအနှစ်တွေ တည်ရှိရာဒေသ ကြားခံဒေသတွေကို နယ်နိမိတ်သတ်မှတ်ဖော်ပြပြီး အစိုးရအဖွဲ့ရဲ့ သဘောတူညီမှုနဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပေးရမှာဖြစ်ပြီး မြို့ရိုးနဲ့ ကျုံးရဲ့ အခင်းအကျင်းကို အဟန့်အတား အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေကို သတ်မှတ်ချက်နဲ့အညီ ဖယ်ရှားရှင်းလင်းဖို့၊ လိုက်နာရမယ့် စည်းကမ်းတွေ သတ်မှတ်ဖို့လိုပါမယ်” လို့ ပြောပါတယ်။

ဒါကြောင့် ရှေးဟောင်းအဆောက်အအုံဖြစ်တဲ့ ကျိုင်းတုံမြို့ရိုးနဲ့ကျုံးပေါ်မှာ ထပ်ပြီး ကျူးကျော် နေထိုင်တာ၊ တိုးချဲ့တည်ဆောက်တာတွေ မရှိစေဖို့နဲ့ မြေပေါ်မြေအောက်မှာ ကျန်နေတဲ့ မြို့ရိုးနဲ့ ကျုံးနေရာတွေထပ်ပြီး မပျက်စီးအောင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေ၊ ဒေသခံတွေ၊ လက်ရှိနေထိုင်သူတွေအနေနဲ့ ပူးပေါင်း ကာကွယ်စောင့်ရှောက်ဖို့ လိုတယ်လို့ ပြောပါတယ်။

“ကျိုင်းတုံမြို့ရိုးနဲ့ ကျုံးအနေနဲ့ ရပ်ကွက် ၁ စွမ်းမွန်းရပ် အ.လ.က (၄) နောက်ကျောကစပြီး ရပ်ကွက် ၃ မွန်းဆန်းဘုန်းကြီးကျောင်းအထိ မြို့ရိုးနဲ့ကျုံး လုံးဝမကျန်ရှိတော့ဘဲ ပါလျန်တံခါးတခုပဲ ကျန်ရှိပါတယ်။ ရပ်ကွက် ၁ က စဲင်းမိုင်းကျုံးကိုလည်း ကားကြီးကွင်းနောက်ကျောဘက်ကစပြီး ယန်းခမ်းတံခါးအထိ မြေဖို့ ပိတ်ဆို့ထားပါတယ်” လို့ ဒု ဝန်ကြီး ဦးကြည်မင်းက ပြောပါတယ်။

မြို့မိမြို့ဖတွေရဲ့ တောင်းဆိုတင်ပြချက်အရ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှာ တခုတည်းကျန်ရှိတဲ့ ပါလျန်တံခါးကို ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့မိမြို့ဖတွေနဲ့ ပူးပေါင်းပြီး ထိန်းသိမ်းခဲ့သလို ၂၀၁၃ ခုနှစ်မှာလည်း ကျန်နေသေးတဲ့ မြို့ရိုးနေရာတွေကို မကျူးကျော်ရ ဆိုင်းဘုတ်တွေစိုက်ထူတာ၊ ၂၀၁၄ ခုနှစ်မှာတော့ မြို့တံခါးနေရာတွေမှာ မြို့တံခါးအမည် ဆိုင်းဘုတ်တွေ စိုက်ထူခဲ့တယ်လို့လည်း ပြောပါတယ်။

ရှေးဟောင်းမြို့ရိုးနဲ့ ကျုံးမှာ ကျူးကျော်နေထိုင်တာတွေကို ၂၀၁၇ ခုနှစ်မှာ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အများသုံးရေကန်၊ သီလရှင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ရေတွင်း၊ စည်ပင်ဝန်ထမ်းအိမ်ရာ၊ ဆက်သွယ်ရေးဝန်ထမ်းအိမ်ရာအပါအဝင် စုစုပေါင်း ၁၄၃ နေရာ ကျူးကျော်ထားတာကိုတွေ့ရလို့ မြို့ရိုးနဲ့ ကျုံးထဲမှာ နေထိုင်သူတွေကို ဖိတ်ခေါ်စုစည်းပြီး တိုးချဲ့ကျူးကျော်တာ မလုပ်ဖို့ ဆွေးနွေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment