Tuesday, May 28, 2019

ကိုကင်းအထုပ်(၂၅၀)နီးပါး မြိုချထားတဲ့ ဂျပန်နိုင်ငံသား မက္ကဆီကိုလေယာဉ်ပေါ်မှာ သေဆုံး

မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးလေဆိပ်ကနေ ဂျပန်နိုင်ငံနာရီတာမြို့ဆီ ပျံသန်းသွားလာနေခဲ့တဲ့ လေယာဉ်ပေါ်မှာ လိုက်ပါလာခဲ့တဲ့ ဂျပန်နိုင်ငံသားတစ်ဦးဟာ ရုတ်တရက် အတက်ဝေဒနာဖြစ်လာခဲ့လို့ အရေးပေါ်အခြေအနေအရ မက္ကဆီကိုနိုင်ငံထဲက ဆန်နော်ရာလေဆိပ်မှာ ဆင်းသက်ခဲ့ရပါတယ်။ အူဒိုအန်လို့ အမည်ဖော်ပြထားတဲ့ ဂျပန်နိုင်ငံသားဟာ သေဆုံးသွားခဲ့ပြီး သူ့အလောင်းကိုစစ်ဆေးကြည့်ခဲ့တဲ့အခါ မူးယစ် ဆေးလွန်ကဲမှုကြောင့် ဦးနှောက်ထိခိုက်ရောင်ယမ်းကာ သေဆုံးခဲ့ရတာလို့ အဖြေထွက်ခဲ့ပါတယ်။



သူ့ရဲ့အစာအိမ်နဲ့ အူလမ်းကြောင်းတွေထဲကနေ အရှည်(၂.၅)စင်တီမီတာ၊ လုံးပတ်တစ်စင်တီမီတာရှိ တဲ့ ကိုကင်းအထုပ်ရှည်တွေကို တွေ့ရှိခဲ့ရပြီး အထုပ်အချို့က ပေါက်သွားခဲ့တာကြောင့် အူဒိုအန်ဟာ မူးယစ် ဆေးဝါး Overdose ဖြစ်ခဲ့ရတာပါ။ ဂျပန်နိုင်ငံသားဟာ မူးယစ်ဆေးဝါးထုတ်လုပ် တင်ပို့ရောင်းချမှုမှာ နာမည် ကြီးလှတဲ့ ကိုလံဘီယာနိုင်ငံ၊ ဘိုဂိုတာမြို့နေ လေယာဉ်ပျံစီးလာခဲ့တာဖြစ်ပြီး မက္ကဆီကိုစီးတီး အရောက်မှာ လေယာဉ်ပြောင်းစီးခဲ့ပြီးနောက် အခုလိုဖြစ်ခဲ့ရတာလို့ စုံစမ်းဖော်ထုတ်ထားနိုင်ပါတယ်။

အခုလိုမူးယစ်ဆေးဝါးတွေကို မြိုချပြီး သယ်ယူပို့ဆောင်မှုတွေဟာ မကြာခဏဆိုသလို ပေါ်ပေါက်လေ့ ရှိပြီး အစာအိမ်အူလမ်းကြောင်း အတွင်း အထုပ်တွေပေါက်သွားခဲ့ရင်တော့ အများစုက သေဆုံးရလေ့ ရှိတယ်လို့ သိရပါတယ်။ အူဒိုအန်အနေနဲ့မိမိသဘောဆန္ဒအလျောက် ကိုကင်းထုတ်တွေကို မြိုချခဲ့တာလား၊ ဒါမှမဟုတ် ခြိမ်းခြောက်ပြီး အဓမ္မခိုင်းစေခံခဲ့ရတာ လားဆိုတာ ကိုတော့ မဆုံးဖြတ်နိုင်သေးဘဲ စုံစမ်းဖော်ထုတ်နေဆဲဖြစ်တယ် လို့ မက္ကဆီကိုအာဏာပိုင်တွေက ပြောထားပါတယ်။

No comments:

Post a Comment