Tuesday, May 28, 2019

အသက် ၁၈ နှစ်အောက် ကလေးများ အလုပ်လုပ်ခွင့် မရှိသည့် ILO Convention 138 ကို မြန်မာနိုင်ငံက လက်မှတ်ထိုးမည်

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) တည်ထောင်ခြင်း နှစ် ၁၀ဝ ပြည့် အထိမ်းအမှတ်အဖြစ် အသက် ၁၈ နှစ် အောက် ကလေးများ အလုပ်လုပ်ခွင့် မရှိသော ILO Convention 138 ကို မြန်မာနိုင်ငံက လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း မေ ၂၅ ရက်တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ပြုလုပ်သော (၁၃) ကြိမ်မြောက် အမျိုးသားအဆင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲမှ သိရသည်။ထိုသို့ ILO Convention 138 ကို  လက်မှတ် ရေးထိုးရန် ပြီးခဲ့သည့် (၁၂) ကြိမ်မြောက် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် အစိုးရ နှင့် အလုပ်ရှင်တို့အကြား သဘောတူညီမှု ရရှိခဲ့သော်လည်း အလုပ်သမား ကိုယ်စားလှယ်များက အပြီးသတ် သဘောတူညီခဲ့ခြင်း မရှိခဲ့ပေ။ ယခု (၁၃) ကြိမ်မြောက် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် သဘောတူညီချက် ရရှိသဖြင့် လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း သိရသည်။
“ဒီနှစ်က ILO  နှစ် ၁၀ဝ ပြည့်ဆိုတော့ ILO ကို ဂုဏ်ပြုတဲ့အနေနဲ့ Convention  တစ်ခုကို လက်မှတ်ထိုးဖို့ ဆွေးနွေးတယ်။ အမျိုးသားအဆင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲမှာ ဝန်ကြီးဌာနက ၁၃၈ ပေါ့။ ၁၃၈ သည် အနိမ့်ဆုံး အလုပ်လုပ်ကိုင်ခွင့် အသက်အရွယ် ကန့်သတ်ချက်ရှိတဲ့ Convention  ဖြစ်တယ်။ ဒီဟာကို လက်မှတ် ထိုးမယ်ဆိုတဲ့ အကြောင်းပြချက်က ဒီဟာက ဥပဒေရှိပြီးသား ဖြစ်တယ်။ အဲဒီတော့ ဒီအပေါ် ချိတ်ဆက် ဆောင်ရွက်တဲ့ အခြေအနေတွေကြောင့် လက်မှတ်ထိုးဖို့ ဆုံးဖြတ်တာ။ ၁၃၈ နဲ့ ပတ်သက်ပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ငြင်းစရာမရှိ ဖြစ်သွားတယ်။ ဒါကြောင့် မကြာခင်မှာ ILO Convention 138 ကို လက်မှတ် ထိုးလိမ့်မယ်။ နောက်လုပ်ထုံးလုပ်နည်းအရ လွှတ်တော်ကို တင်လိမ့်မယ်” ဟု မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) ၏ အထွေထွေ အတွင်းရေးမှူး ဦးသက်နှင်းအောင်က ပြောကြားသည်။လက်ရှိတွင် မြန်မာနိုင်ငံတွင် အသက် ၁၄ နှစ်အောက် ကလေးများကို ကလေးလုပ်သားအဖြစ် သတ်မှတ်ထားပြီး အလုပ်လုပ်ကိုင်ခွင့် မပြုပေ။ အသက် ၁၄ နှစ်မှ ၁၈ နှစ်အောက် ကလေးများသည် အလုပ်လုပ်ကိုင်ရန် သင့်လျော်ကြောင်း ကျန်းမာရေး ထောက်ခံချက် လက်မှတ်ကို မှတ်ပုံတင် ဆရာဝန်က ထုတ်ပေးပြီး ထောက်ခံချက် လက်မှတ်ကို စက်ရုံ၊ အလုပ်ရုံ မန်နေဂျာက လက်ဝယ် ထိန်းသိမ်းထားလျှင် အလုပ် လုပ်ကိုင်ခွင့် ရှိကြောင်း သိရသည်။   အသက် ၁၄ နှစ်မှ ၁၆ နှစ်ကြား ကလေးများမှာ တစ်ရက်လျှင် အလုပ်ချိန် လေးနာရီထက် ပို၍ အလုပ်လုပ်ခွင့် မရှိဘဲ ညနေ ၆ နာရီမှ မနက် ၆ နာရီအကြားတွင်လည်း အလုပ် လုပ်ကိုင်ခွင့် မရှိကြောင်း သိရသည်။ILO Convention 138 ဖြစ်သော အသက် ၁၈ နှစ်အောက် ကလေးများကို အလုပ် လုပ်ကိုင်ခွင့် မပြုသော ပြဋ္ဌဌာန်းချက်ကို မြန်မာနိုင်ငံအနေဖြင့် သဘောတူ လက်မှတ်ရေးထိုးပြီးလျှင် ၁၈ နှစ်အောက် ကလေးများ အလုပ် လုပ်ခွင့် ရရှိတော့မည် မဟုတ်ကြောင်း သိရသည်။

No comments:

Post a Comment