Tuesday, May 28, 2019

ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှလွဲ၍ ကျန်ဆေးရုံအချို့တွင် လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပွားခြင်းကြောင့် အခက်အခဲများ ဖြစ်ပေါ်

ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှလွဲပြီး ကျန်သည့် ဆေးရုံများတွင် လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပွားနေသဖြင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ရန်ကုန်မြို့ရှိ ဆေးရုံကြီးများထံမှ သိရသည်။ ယင်းကဲ့သို့ ပြတ်တောက်မှုများ ဖြစ်ပွားသဖြင့် ဆေးရုံတက်ရောက် ကုသနေသည့် လူနာများ၊ ခွဲစိတ်မှု ပြုလုပ်မည့် လူနာများအတွက် အခက်အခဲ ဖြစ်ပေါ်ခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။



“ဆရာတို့ ဆေးရုံအကြောင်း ပြောရရင် ဆေးရုံက အဓိက ကနှစ်ပိုင်း။ နှစ်ပိုင်းဆိုတာက ခါးရိုး ခွဲစိတ်ဆောင်က တစ်ပိုင်း၊ အရိုးရောဂါ ခွဲစိတ်ဆောင်က တစ်ပိုင်း၊ အဲဒီနှစ်ခုက မီးပေးတဲ့ နေရာချင်းက မတူဘူး။ မတူတဲ့ အခါကျတော့ အဓိက ကတော့ ဆရာတို့ ဆေးရုံက အရေးပေါ် ခွဲစိတ်မှုတော့ မလုပ်ဘူး။ ဆရာတို့က ခါးရိုးဘက် ခွဲစိတ်ဆောင်မှာ မီးပြတ်ရင် အဲဒီမှာသုံးတဲ့ မီးစက်ကြီး ရှိတယ်။ မီးပြတ်ရင် အဲဒီမီးစက်နဲ့ လည်ရတာပေါ့။ သူကလည်း အချိန်ပိုင်းနဲ့။ ဆရာတို့ ဆေးရုံက သူတို့ပြောတာတော့ (B Group) မှာ ပါတယ်လို့ ပြောတယ်။ သူတို့က ပြတ်မယ့်အချိန်ကို ကြိုအသိပေးတယ်။ ဒီနေ့ဆိုရင် ဘယ်ချိန် ပြတ်မယ်ပေါ့။ အဲဒီတော့ ခါးရိုး ခွဲစိတ်ဆောင်မှာ မီးပြတ်လို့ မီးစက်မောင်းနေရင် လူနာဆောင်တွေပါ မီးရတယ်။ အရိုးဘက် အဆောင်မှာကျတော့ မီးစက်က ခွဲစိတ်ခန်းအတွက်ပဲ ရှိတယ်။ ရှိတဲ့အတွက် မီးပြတ်တဲ့ အခါဆိုရင် မီးစက်မောင်းရင် ခွဲစိတ်တာ အဆင်ပြေပေမဲ့ လူနာဆောင်တွေမှာ မီးပြတ်တောက်တဲ့ အချိန်ကျရင် မီးမရဘူး။ မီးကတော့ နေ့တိုင်းပဲ ပြတ်နေတယ်။ နေ့တိုင်း အမြဲပြတ်တာတော့ မဟုတ်ဘူး။ သူတို့ သတ်မှတ်တဲ့ အချိန်ကျရင် ပြတ်သွားတာပေါ့” ဟုကြည့်မြင်တိုင် အရိုးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ဆွေက ပြောကြားသည်။


မီးပြတ်တောက်မှုမှာ နေ့စဉ်လိုလို ဖြစ်ပွားနေပြီး၊ အထူးသဖြင့် လေပြင်း တိုက်ခတ်စဉ်တွင် အချိန်ကြာမြင့်စွာ ပြတ်တောက်မှုများ ဖြစ်ပေါ်ကြောင်း သိရသည်။

“မီးကတော့ ဆရာမတို့ကို အလှည့်ကျလို့တော့ ပြောတော့ ပြောတယ်။ ဆရာမက အဲဒီအလှည့်ကျတွေ ကိုတော့ မှတ်မထားလိုက်မိဘူး။ ပြတ်တော့ ပြတ်နေတာပဲ။ ဒါပေမဲ့ အများကြီးတော့ မပြတ်ပါဘူး။ နေ့တိုင်းတော့ ပြတ်တော့ ပြတ်တယ်။ ဒါပေမဲ့ ခဏပါပဲ။ နာရီပိုင်းလောက်ပါပဲ။ ပြီးရင်တော့ ပြန်လာပေးတယ်။ ဆရာမတို့ အကြံပြုထားတာတော့ ဖြစ်နိုင်ရင် ညပိုင်း ဖြတ်ပေးပါပေါ့။ ညပိုင်းကျ တစ်ခါတလေ ပြတ်တယ်။ နေ့လယ်ပိုင်း ပြတ်တာက များတယ်။ ခွဲစိတ်တဲ့အချိန်မှာ မီးပြတ်သွားရင် မီးစက်နှိုးရတာပေါ့။ ခွဲခန်းကတော့ စောင့်မနေရဘူးပေါ့”ဟု ရန်ကုန် မျက်စိအထူးကုဆေးရုံကြီး၊ မျက်စိရောဂါ ပညာဌာနမှ ဒေါက်တာ သက်သက်စိန်က ပြောကြားသည်။

“မီးပြတ်ရင်တော့ မီးစက်မောင်းပြီး အလုပ်လုပ်လိုက်တာပါပဲ။ မီးပြတ်တာကတော့ နေ့တိုင်း နေ့ပါပဲ။ အကုန်လုံးက တစ်နာရီ၊ နှစ်နာရီစီ ဖြတ်ကျတာ ဆိုတော့။ အစ်မတို့ကကျတော့ လူနာကြည့်တာ၊ ဓာတ်ခွဲ၊ ဓာတ်မှန်ရိုက်တဲ့အချိန် မီးပြတ်ရင်လည်း မီးစက်မောင်းပြီး ဓာတ်ခွဲ စစ်ဆေးတယ်။ ဓာတ်မှန် ရိုက်လိုက်တယ် ဆိုတော့ အဆင်ပြေပါတယ်”ဟု ဝေဘာဂီဆေးရုံကြီးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင်မူ  လျှပ်စစ်မီး ပြတ်တောက်မှု မရှိကြောင်း ရန်ကုန်ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်သိင်္ဂ࿿ီမြင့်က ပြောကြားသည်။

“ဆေးရုံတွေကိုတော့ အချိန်ပိုင်း မပေးပါဘူး။ အပြည့်ပဲ ပေးထားတယ်။ ဓာတ်အား ပြတ်တယ် ဆိုတာလည်း ခေတ္တခဏ ဓာတ်အား ပြတ်တာပါ။ မီးဖြတ်တာ မဟုတ်ပါဘူး။ အရေးပေါ်လိုင်း ရှော့ဖြစ်သွားတာတို့ အဲဒါကြောင့်မို့ပဲ ဓာတ်အား ပြတ်တာပါ။အခု ဝန်အားလျော့တဲ့ ကာလမှာ ဆေးရုံတွေ မပါဘူး။ ဆေးရုံတွေ က ၂၄ နာရီ အပြည့် ပေးထားတယ်။ ယခုကာလကလည်း မိုးက ရွာနေတော့ အနည်းငယ် ပြတ်တောက်မှုတွေ ဖြစ်တာပါ” ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းမှ တာဝန်ခံအင်ဂျင်နီယာ တစ်ဦးက ပြောကြား သည်။   

No comments:

Post a Comment