Tuesday, May 28, 2019

တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အခက်အခဲကြုံပါက ဆက်သွယ် အကူအညီတောင်းရန် မြန်မာသံရုံးက အချက်အလက်များထုတ်ပြန်

မူဆယ်နယ်စပ်တွင် ဆန္ဒပြမှု ဖြစ်ပွားပြီးနောက်   မြန်မာနိုင်ငံသားအချို့ကို တရုတ်ရဲက ဖမ်းဆီးမှု ဆက်တိုက်ပြုလုပ်နေစဉ် တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အခက်အခဲကြုံပါက ဆက်သွယ်အကူအညီတောင်းရန်ဖုန်းနံပါတ်နှင့် အချက်လေးချက် ပါ သတိပေးချက်ကို ဘေဂျင်းမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။ တရုတ်နိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်နှင့် နိုင်ငံသားစိစစ်ရေးကတ် မူရင်း၊ မိတ္တူ များကို ကိုယ်နှင့်မကွာ သိမ်းဆည်း ထားရန်၊ နိုင်ငံကူးလက်မှတ်နှင့် ဗီဇာယူဆောင်လာရန်၊ နှစ်နိုင်ငံ နယ်စပ်ဂိတ်မှ ၀င်မည့်သူများ သည် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ပါ သတ်မှတ်ချက် များကို လိုက်နာရန်၊
ယာယီနယ် စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် ၀င်ရောက်ပြီး အလုပ်လုပ်ခြင်း၊ မည်သည့် အထောက်အထားမျှ မပါဘဲ အလုပ်လုပ်ခြင်း၊ အလုပ်လုပ်ခွင့်ပါမစ်နှင့် သက်ဆိုင်ရာ ဗီဇာရယူခြင်းမရှိဘဲ အလုပ်လုပ်နေခြင်းသည် တရားမ၀င်၍ အလုပ်သမား အခွင့်အရေးများ ဆုံးရှုံးနိုင်ကြောင်း သတိပြုရန်တို့ကို မေလ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်သည်။

 ‘‘နယ်စပ်ကနေ ဝေးပြီး တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း အထိ ရောက်နေတဲ့ မြန်မာနိုင်ငံ သားတွေလည်း ရှိပါတယ်။ သံရုံး ကတော့ အချက်အလက်က နေရင်းထိုင်ရင်းတော့ ရမှာမဟုတ်ဘူး။ အခက်အခဲရှိရင် အကြောင်း ကြားပါ။ အချက်အလက်ရမှ ကျွန်တော်တို့ ကူညီလို့ရတာ’’ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်က ပြောသည်။

နယ်စပ်ဂိတ်ပေါက်ကို ကားဖြင့်ပိတ်၍ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့တွင်နေထိုင်သော မြန်မာနိုင်ငံသားတစ်ဦးကို တရုတ်လ၀ကက ပြီးခဲ့သည့်ရက်ပိုင်းအ တွင်း ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့သည်။

ထို့အပြင် မူဆယ်နယ်စပ်ရှိ နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်ဝင်၊ ထွက်ချိန်ကို တရုတ်ဘက်က လျှော့ချသည့်အပေါ် မြန်မာအချို့ က မေလ ၁၇ ရက် နံနက်တွင် ဆန္ဒထုတ်ဖော်ခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားတစ်ဦးကို တရုတ်က  ပြည်ဝင်ခွင့် ပိတ်ထားသည်။ မူဆယ်နှင့် ကပ်လျက်ရှိသော  ကျယ်ဂေါင်နှင့် ရွှေလီမြို့တွင် မြန်မာနိုင်ငံသားများကို ယခင်ကထက် ဖမ်းဆီးနေပြီး မေလ ၁၇ ရက်နောက်ပိုင်း အနည်းဆုံး ၂၀၀ ဦးခန့် ဖမ်းဆီးခံထားရသည်ဟု ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

တရုတ်နိုင်ငံ ရွှေလီနှင့် ကျယ်ဂေါင်မြို့တွင် မြန်မာနိုင်ငံသား အများအပြား ပါဝင်သော ကျောက်စိမ်း အရောင်းအ၀ယ် ပြုလုပ်သည့်နေရာများရှိပြီး ယင်းနေရာများ သို့ တရုတ်ရဲက ညဥ့်နက်ပိုင်း၌ လာရောက် ဖမ်းဆီးနေသည်ဟု ရွှေလီမြို့နေ မြန်မာအချို့က 7Day Daily သတင်းစာအား အသိပေးသည်။ ရွှေလီမြို့ရှိ တယ်လီကျောက်ဝိုင်းတွင် မေလ ၂၂ ရက် ည ၈ နာရီခန့်က ကျောက်စိမ်း အရောင်းအ၀ယ် ပြုလုပ်နေစဉ် ဖမ်းဆီးခံရသော မြန်မာအမျိုး သမီး ရှစ်ဦး၏ မိတ်ဆွေက  ‘‘ဖမ်းသွားပြီးတဲ့နောက် ဘာသတင်းမှ တော့ မကြားသေးဘူး။ နောက်လကျော်ဆို အလယ်ပေါက်မှာ လူတွေလာသွန် (ထိန်းသိမ်းပြီး ပြန်ပို့ဆောင်ခြင်း)မှာ။ အဲဒီမှာပါရင် ပါလာမှာပါ’’ဟု မေလ ၂၇ ရက် တွင်ပြောသည်။ တရုတ်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲတွေ့ပါက အနီးဆုံးရှိ ရဲစခန်းသို့ သွားရောက်အကူအညီတောင်းခံရန်နှင့် ဘေဂျင်းရှိ မြန်မာသံရုံး ဖုန်း +၈၆ ၀၁၀ ၆၅၃၂ ၀၃၅၁၊လိုင်းခွဲ ၂၄၊ ၂၃ နှင့် +၈၆ ၀၁၀၆၅၃၂ ၄၅၅၄ ထံသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်းသတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment