Thursday, July 4, 2019

ရွှေ့ပြောင်းကလေးငယ်များကိုထားသည့် စခန်းများ ပိတ်ပစ်ရန် နယူးယောက်တွင် ဆန္ဒပြ

အမေရိကန်နယ်စပ်ရှိ ရွှေ့ပြောင်းကလေးငယ်တွေကိုထားတဲ့ စခန်းတွေဟာ မသန်မရှင်း၊ လူတွေပြည့်နေပြီး  အခြေအနေဆိုးရွားနေတယ်ဆိုတဲ့ သတင်းတွေကြောင့် နယူးယောက်မြို့မှာ ရာနဲ့ချီတဲ့လူတွေက အဲဒီစခန်းတွေကို ပိတ်ပစ်ဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။   ဇူလိုင် ၂ ရက်က ဒီဆန္ဒပြပွဲဟာ မကြာသေးခင်က တရားမ၀င် ၀င်လာသူတွေကို ဖြိုခွင်းတဲ့ အပေါ် မကျေနပ်ကြောင်း အမေရိကန်နိုင်ငံတ၀န်း ထုတ်ဖော်ပြောဆိုကြတာရဲ့ တစိတ်တပိုင်း  ဖြစ်ပါတယ်။



ပြီးခဲ့တဲ့မေလက အယ်ပါဆိုမြို့မှာရှိတဲ့ စခန်းတွေဟာ လူတွေများပြီး အန္တရာယ်ရှိတယ်လို့ စောင့်ကြည့်လေ့လာရေးအဖွဲ့က သတိပေးလိုက်ပြီးနောက်မှာ အမေရိကန်-မက္ကဆီကို နယ်စပ် တလျှောက်မှာရှိတဲ့ ရွှေ့ပြောင်းလာသူတွေရဲ့ စခန်းအခြေအနေတွေကို လူအများ အာရုံစိုက် လာခဲ့ပါတယ်။

ဆန္ဒပြသူ ဘာဘရာ-မဲလ်မက်က  “ကျမဒီနေ့ လာပြီးဆန္ဒပြဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေ ခဲပတ်စောင်ခြုံပြီး သမံတလင်းပေါ် အိပ်နေရတာ၊ ကလေးတွေ ဒိုင်ပါမပါဘဲ ဆေးကုသခွင့်မရဘဲ နေနေရတာကို ကျမ မကြည့်ရက်ဘူး။ ထရမ့်က နယ်စပ်မှာ အကျဉ်းစခန်း ဖွင့်ထားတာ။  အဲဒီအတွက် ကျမလာပြီး ဆန္ဒပြရမယ်” လို့ ဆိုပါတယ်။

ဆန္ဒပြသူ ကလစ်ဖ်-သောမ်ဆင်က “ကျနော့်သမီးနဲ့အတူ ဒီကိုလာရတာကတော့ အမေရိကန်နယ်စပ်မှာ ဖြစ်နေတဲ့ ကိစ္စက အကျည်းတန်တယ်။ လူသားမဆန်ဘူး။ ဒီတော့ အဲဒါကို ရပ်တန်းက ရပ်ရမယ်ဆိုတဲ့ ကျနော်တို့ ဆန္ဒကိုလာရောက်ထုတ်ဖော်တာပါ”လို့ပြောပါတယ်။

အဲဒီစခန်းတွေကို သွားရောက်ခဲ့တဲ့ ရှေ့နေတွေက ကလေးငယ်တွေဟာ သမံတလင်းပေါ် အိပ်ရပြီး အ၀တ်တထည် ကိုယ်တခုနဲ့ အကြာကြီးနေရတာမို့ အင်္ကျီတွေဟာ ညစ်ထေးနေပြီး ဆပ်ပြာမရှိတဲ့အတွက်လည်း ရေမချိုးရဘူးလို့ ဆိုပါတယ်။

ဒါကြောင့်မို့ ဆန္ဒပြသူတွေက အဲဒီစခန်းတွေကို ပိတ်ပစ်ဖို့ တောင်းဆိုနေကြတာပါ။ ဆန္ဒပြသူတဦးကတော့ ရွှေ့ပြောင်းကလေးငယ်တွေကို အဲဒီလိုဆက်ဆံတာကို အမေရိကန် နိုင်ငံသားတွေက လက်မခံဘူးဆိုတာပြသတဲ့အနေနဲ့ လာရောက် ဆန္ဒထုတ်ဖော်တာ လို့ ပြောပါတယ်။

No comments:

Post a Comment