Thursday, July 4, 2019

တာချီလိတ်မြို့ ဝမ်ပုံရပ်တွင် ထိုင်းနိုင်ငံသားများ အပါအဝင် ရှစ်ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ဝမ်ပုံအပိုင် ပါလိုင်ရွာအနီးတွင် မူးယစ်သတင်းအရ ဝင်ရောက် ဖမ်းဆီးရာ ထိုင်းနိုင်ငံသားများ အပါအဝင် ရှစ်ဦးအား  လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင် ၃ ရက် နံနက်ပိုင်းက တာချီလိတ် မြို့မရဲစခန်း က ရဲမှူးလှဦးက ပြောကြားခဲ့သည်။  “ဖြစ်စဉ်က မှန်ပါတယ်။ ဝမ်ပုံအပိုင်မှာ ဖြစ်တာပါ။ အဲဒီမှာ စစ်ကြောရေး ဝင်နေတယ်။ ကျွန်တော်တို့က အသေးစိတ် မသိရသေးပါဘူး။ ထိုင်းနိုင်ငံသားတွေ ပါတယ်။  ရှမ်းတိုင်းရင်းသား နှစ်ယောက်ရယ် လက်နက်တွေနဲ့ ဖမ်းမိတာပါ။ ဇူလိုင် ၂ ရက်က ဖမ်းမိတာပါ။ ဝမ်ပုံမှာ အမှုဖွင့်မှာပါ။ မူးယစ်အဖွဲ့က ဦးဆောင်ပြီး မူးယစ်သတင်းရလို့ ကျွန်တော်တို့ ရဲတပ်ဖွဲ့ ပေါင်းပေးတာပါ။
နောက်ပြီး အဲဒီဘက်က လုံခြုံရေး စိတ်မချတဲ့အတွက် တပ်မတော်လည်း ပူးပေါင်းပြီးတော့ ဝင်ရှာတာပါ။ မူးယစ်ဆေးဝါးတော့ ဖမ်းမမိဘူး။  သေနက်က ၁၀ လက်ကျော် ရှိမယ်။ လောလောဆယ်တော့ အဲဒီလောက်ပဲ သိထားရသေးပါတယ် “ဟု တာချီလိတ်မြို့မရဲစခန်းက ရဲမှူးလှဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်မှာ ဇူလိုင် ၂ရက် ညနေပိုင်းတွင် တာချီလိတ ဝမ်ပုံအပိုင် မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု၊ ပါလိုင်ရွာအနီးမှာ သတင်းအရ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးရှာဖွေရာ ထိုင်းနိုင်သား ခြောက်ဦးနှင့် ရှမ်းတိုင်းရင်းသား နှစ်ဦး  စုစုပေါင်း ရှစ်ဦးတို့ကို ခြောက်လုံးပြူး နှစ်လက်၊ ၉-မမ ပစ္စတို သုံးလက်၊ အေကေ-၄၇  သုံးလက်၊ အမ်-၁၆ ၂ လက်၊ ၁၂ ဗို့ တစ်လုံးထိုး သုံးလက်၊ အမ်ကေ-၁၂ တစ်လက်၊ အမ်-၂၂ ရိုင်ဖယ် တစ်လက်၊ ၉-မမ ကျည် ၂၄၈ တောင့်၊ ပွိုင့်-၃၅၇ ကျည် ၅၃ တောင့်၊ ပွိုင့်-၄၅ ကျည် ၁၆၁ တောင့်၊ ပွိုင့်-၂၂ ကျည် ၆၅၀ တောင့်၊ ၅ ဒဿမ ၅၆ မမ ကျည်၃၁၈ တောင့်၊ အမ်-၂၂ ကျည် ၄၀ဝ တောင့်၊ ၁၂ ဗို့ ကျည် ၁၂၀ တောင့်၊ စုစုပေါင်း ကျည်မျိုးစုံ ၁၉၅ဝတောင့်၊  VIGO မော်တော်ယာဉ် သုံးစီး၊ MARK-X အမျိုးအစား မော်တော်ယာဉ် တစ်စီး၊ ကျည်အိမ် ၂၁ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး  ထိုင်းနိုင်ငံသားများ အပါအဝင် ရှစ်ဦးအား  စစ်ဆေးနေပြီး ဥပဒေအရ အမှုဖွင့် အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

No comments:

Post a Comment