Thursday, July 4, 2019

မွန်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းရန် လွှတ်တော်အတည်ပြု

မွန်ပြည်နယ်အစိုးရ အဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းရန် ပြည်နယ် လွှတ်တော်က အတည်ပြုသည်။ ဇူလိုင် ၂  ရက်က ပြုလုပ်သည့် မွန်ပြည်နယ်လွှတ်တော် အရေး ပေါ်အစည်းအဝေးတွင် နိုင်ငံတော် သမ္မတက လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တစ်ခု တိုးချဲ့ဖွဲ့စည်းလိုကြောင်း သဝဏ်လွှာပေးပို့လာခြင်းအပေါ် လွှတ်တော်တွင် သဘောတူညီ ချက်ရယူပြီး အတည်ပြုခဲ့သည်။



မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်က ‘‘ကျွန်တော်တို့ မွန်ပြည်နယ်မှာ စီမံဘဏ္ဍာဝန် ကြီးဖြစ်တဲ့ ကျွန်တော်ကနေပြီး တော့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကို တွဲကိုင် ထားပေးရတာပေါ့။ ဒီလိုအသစ် ဖွဲ့စည်းမယ်ဆိုရင် ကျွန်တော်က နေပြီးတော့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကို ပထမဦးဆုံး ခွဲထုတ်ရမှာပေါ့နော်။ ဆိုတော့ စီမံ၊ ဘဏ္ဍာပဲ ကျန်ခဲ့မှာ ပေါ့’’ ဟု ပြောသည်။

ယခု ထပ်မံဖွဲ့စည်းမည့် ၀န်ကြီးဌာနတွင် တာဝန်ထမ်းဆောင် မည့် ၀န်ကြီးအမည်ကိုမူ မသိရှိ သေးကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် နိုင်ငံတော်သမ္မတက မွန်ပြည်နယ်အစိုးရအဖွဲ့အောက် ရှိ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းလိုကြောင်း သဝဏ်လွှာ ပေးပို့လာသည်ကိုလည်း ပြည်နယ်လွှတ်တော်၏ သဘောတူညီ ချက်ဖြင့် ပြင်ဆင်ဖွဲ့စည်းရန် အ တည်ပြုခဲ့သည်။

လွှတ်တော်၏ အတည်ပြုချက်ကို နိုင်ငံတော်သမ္မတရုံးသို့ ပြန်လည်ပေးပို့ရမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတက အတည်ပြုပြီးမှ သာ ဝန်ကြီးဌာနအသစ် တိုးချဲ့ဖွဲ့စည်းရမည်ဖြစ်သည်။

အဆိုပါ ဝန်ကြီးဌာနအတွက် ခန့်အပ်မည့် ဝန်ကြီးအမည်ကိုသမ္မတမှတစ်ဆင့် ဝန်ကြီးချုပ်က အမည်စာရင်း တင်သွင်းမှသာ အတည်ပြုရန် လွှတ်တော်က ဆောင်ရွက်ရမည်ဟု မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနသည် အလုပ်အကိုင်အခွင့်အ လမ်းဖန်တီးရေး ရည်ရွယ် တိုးချဲ့ ဖွဲ့စည်းသည်ဟု သိရှိထားသဖြင့် ရှိသင့်သည့် ဝန်ကြီးဌာနဟု မော်လမြိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က ပြောသည်။ မွန်ပြည်နယ်အစိုးရအဖွဲ့ကို ၀န်ကြီးဌာန ၁၀ ခုဖြင့် ဖွဲ့စည်းထား သည်။

No comments:

Post a Comment