Thursday, July 4, 2019

မြစ်များကို သက်ရှိလူပုဂ္ဂိုလ်များကဲ့သို့ အဆင့်သတ်မှတ်ကြောင်း ဘင်္ဂ္လားဒေ့ရှ်တရားရုံးထုတ်ပြန်

မြစ်များအတွင်း ကျူးကျော်ဝင်ရောက်၍ တရားမဝင်စီးပွားရေးအကျိုးအမြတ်ရှာကြခြင်းမှ ကာကွယ်ရန်အတွက် ဘင်္ဂ္လားဒေ့ရှ်နိုင်ငံ၏မြစ်များကို သက်ရှိလူပုဂ္ဂိုလ်များရရှိထားသည့် အဆင့်အတန်းနှင့် အခွင့်အရေးများအတိုင်း ကာကွယ်စောင့်ရှောက်မှု ပြုလုပ်သွားမည်ဟု ဘင်္ဂ္လားဒေ့ရှ်အထက်တရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း ရှေ့နေတစ်ဦးက ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။



ဘင်္ဂ္လားဒေ့ရှ်နိုင်ငံရှိ မြစ်များကို ကာကွယ်စောင့်ရှောက်မှုပေးရန် ဒါကာ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ၂၀၁၆ ခုနှစ်တွင် တရားရုံးသို့ လျှောက်ထားတောင်းဆိုခဲ့ရာ ယင်းလျှောက်ထားချက်ကို ထောက်ခံအတည်ပြုသည့် ဆုံးဖြတ်ချက်ကို တရားရုံးက ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်လိုက်ခြင်းကြောင့် ဘင်္ဂ္လားဒေ့ရှ်၏ ရာနှင့်ချီသော မြစ်များအားလုံးသည် ယခုအချိန်တွင် သက်ရှိလူပုဂ္ဂိုလ်များကဲ့သို့ ကာကွယ်စောင့်ရှောက်မှု ရရှိတော့မည်ဖြစ်ကြောင်း ရှေ့နေတစ်ဦးဖြစ်သူ မန်ဇီလ်မာရှစ်က ဆိုသည်။

တရားရုံး၏ ဆုံးဖြတ်ချက်ကြောင့် မြစ်၊ ချောင်း၊ မြစ်လက်တက်၊ ချောင်းလက်တက်များ ထောင်နှင့်ချီရှိသော ဘင်္ဂ္လားဒေ့ရှ်နိုင်ငံသည် ကိုလံဘီယာ၊ အိန္ဒိယ၊ နယူးဇီလန်ပြီးလျှင် နိုင်ငံတွင်းရှိရေကြောင်းများကို အထူး ကာကွယ်စောင့်ရှောက်မှုပေးအပ်သော စတုတ္ထမြောက်နိုင်ငံ ဖြစ်လာပြီဖြစ်သည်။ အထက်တရားရုံးက ရေလမ်းကြောင်းများအားလုံးကို တရားဝင်ထိန်းသိမ်းစောင့်ရှောက်မှု ပြုရန်အတွက် ဘင်္ဂ္လားဒေ့ရှ်၏ မြစ်ထိန်းသိမ်းမှုကော်မရှင်ကို တာဝန်ပေးအပ်ထားကြောင်း သိရသည်။

လူဦးရေ ၁၆၅ သန်းရှိပြီး မြေနေရာသည် ရွှေတမျှ အဖိုးထိုက်တန်လျက်ရှိသော ဘင်္ဂ္လားဒေ့ရှ်တွင် မြစ်ကမ်းစပ်များ၌ တရားမဝင် ကျူးကျော်နေထိုင်ကြမှုများ မရှိစေရန်အတွက် တရားရုံး၏ ထိုဆုံးဖြတ်ချက်က ကာကွယ်ပေးလိမ့်မည်ဟု ကျွမ်းကျင်ပညာရှင်များက ပြောကြားထားသည်။ သဲတူးယူမှုနှင့် စက်ရုံထွက် စွန့်ပစ်အညစ်အကြေးများ အဆမတန် များပြားလာမှုတို့ကြောင့် ဘင်္ဂ္လားဒေ့ရှ်၏ မြစ်အများအပြားမှာ ပျက်စီးယိုယွင်းလုနီးရှိနေသည်ဟု ゞင်းတို့က ဆိုသည်။

ကျူးကျော်နေထိုင်သူများ၊ မြစ်ရေညစ်ညမ်းစေရန် လုပ်ဆောင်သူများ၊ မြစ်များအတွင်း တရားမဝင် သဲတူးယူသည့် ကုမ္ပဏီများကို အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ခိုင်းရန် အထက်တရားရုံးက မြစ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မရှင်ထံသို့ လုပ်ပိုင်ခွင့်အာဏာပေးအပ်လိမ့်မည်ဖြစ်ကြောင်း Riverine People အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရှိတ်ရိုကွန်က ပြောကြားခဲ့သည်။

ဘင်္ဂ္လားဒေ့ရှ်ရေကြောင်း သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က မြို့တော်တစ်ဝိုက်ရှိ မြစ်ကမ်းပါးများတွင် ကျူးကျော်နေထိုင်ကြသူများအား နှင်ထုတ်ခဲ့ပြီး ဇန်နဝါရီလကတည်းက ကမ်းပါးများ၌ တရားမဝင် တည်ဆောက်ထားသည့် အိမ်ခြေ ၄၀ဝ၀ ကျော်ကို ရှင်းလင်းခဲ့ရပြီး မြေဧရိယာ ၁၉၀ ထိ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။ 

No comments:

Post a Comment