Thursday, July 4, 2019

ထိုင်းနိုင်ငံတွင် သေကြောင်းကြံစည်မှုမြင့်တက်လာပြီး တစ်နာရီတိုင်း လူ (၆)ဦးနှုန်း သေကြောင်းကြံစည်မှုဖြစ်ပွားနေ

ထိုင်းနိုင်ငံတွင် နှစ်စဉ် သေကြောင်းကြံစည်မှုပေါင်း (၅၃၀၀၀)ရှိသဖြင့် တစ်နာရီလျှင် (၆)ဦးနှုန်း သေကြောင်းကြံစည်မှုဖြစ်ပွားနေကြောင်း စိတ်ကျန်းမာရေးဌာနက သတင်းထုတ်ပြန်သည်။ သေကြောင်းကြံစည်မှုနှုန်းမှာ ၂၀၁၇ ခုနှစ်တွင် တစ်နာရီလျှင် ပျမ်းမျှ (၆.၀၃)ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် တစ်နာရီလျှင် ပျမ်းမျှ (၆.၁၁)ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်းသိရသည်။



အမျိုးသားများ သေကြောင်းကြံစည်သည့်နှုန်းမှာ အမျိုးသမီးများထက် မြင့်မားပြီး အမျိုးသားအများစုမှာ အသက် (၃၅)နှစ်မှ (၃၆)နှစ်အရွယ်များဖြစ်ကြပြီး အမျိုးသမီးများမှာ အသက် (၅၀)မှ (၅၄)နှစ်အရွယ်များ ဖြစ်ကြကြောင်း သိရသည်။

သေကြောင်းကြံစည်မှုများမှာ စိတ်ကျခြင်း၊ အိမ်ထောင်ရေး၊ အချစ်ရေးကြောင့် စိတ်ထိခိုက်ခြင်းနှင့် ဆေးစွဲ၊ အရက်စွဲမှုတို့ကြောင့် အများဆုံးဖြစ်ပွားကြောင်း သိရသည်။

ငွေကြေးအခက်အခဲကြီးကြီးမားမားနှင့် ကြုံတွေ့ရခြင်း၊ ရုတ်တရက် ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရခြင်း၊ အိမ်တွင်းအကြမ်းဖက်မှုများကြုံရခြင်း၊ နာတာရှည်ရောဂါခံစားရခြင်းများကလည်း သေကြောင်းကြံမှုဖြစ်ပွားစေသည့် အချက်များဖြစ်သည်ကို လေ့လာတွေ့ရှိရကြောင်း သိရသည်။

သေကြောင်းကြံစည်မှုဖြစ်ပွားစေနိုင်သည့်အကြောင်းအရာများနှင့် နှင့် ပတ်သက်၍ လူထုအား ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးမှု လုပ်ဆောင်ရန် လိုအပ်နေပြီဟု စိတ်ကျန်းမာရေးဌာနက သတိပေးထားသည်။

No comments:

Post a Comment