Thursday, July 4, 2019

မြန်မာနိုင်ငံရှိ မူးယစ်ဆေး သွေးကြောအတွင်း ထိုးသွင်းသူများအကြား အိပ်ခ်ျအိုင်ဗွီရောဂါ ကူးစက်ဖြစ်ပွားမှု ကျဆင်းရေး လုပ်ဆောင်ရာတွင် အခက်အခဲများစွာ ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံ၌ အိပ်ခ်ျအိုင်ဗွီရောဂါ လူနာအသစ် ကူးစက်ခံရမှုမှာ ကျဆင်းနေပြီ ဖြစ်သော်လည်း မူးယစ်ဆေး သွေးကြောအတွင်း ထိုးသွင်းသူများအကြား အိပ်ခ်ျအိုင်ဗွီရောဂါ ကူးစက်ဖြစ်ပွားမှု ကျဆင်းရေး လုပ်ဆောင်ရာတွင် အခက်အခဲများစွာ ရှိနေကြောင်း “ခုခံအားကျဆင်းမှုရောဂါ ကူးစက်ဖြစ်ပွားမှုဆိုင်ရာ၊ ရောဂါကာကွယ် နှိမ်နှင်းရေးဆိုင်ရာနှင့် အမျိုးသားအဆင့်  ခုခံအားကျဆင်းမှု ရောဂါတိုက်ဖျက်ရေး စီမံချက်လုပ်ငန်းဆိုင်ရာ လေ့လာဆန်းစစ်မှု တွေ့ရှိချက်များ တင်ပြ ဆွေးနွေးပွဲ” တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထည့်သွင်း ပြောကြားသည်။

“မူးယစ်ဆေးဝါးကို သွေးကြောအတွင်း ထိုးသွင်းသူတွေအကြား ခုခံအားကျဆင်းမှုရောဂါ ကူးစက်ဖြစ်ပွားမှု ကျဆင်းရေး ကိုင်တွယ်ဖြေရှင်းရာမှာ အခက်အခဲတွေ ရှိနေပါတယ်။ ဒါတွေကို ဖြေရှင်းနိုင်ဖို့ ကျန်းမာရေး ဝန်ကြီးဌာန တစ်ခုတည်း လုပ်ဆောင်လို့ မရပါဘူး။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းတွေ ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ အိပ်ခ်ျအိုင်ဗွီ လူနာတွေမှာ ခုခံကျရောဂါ ကုသတဲ့ အေအာရ်တီ ဆေးဝါးကို စွဲစွဲမြဲမြဲ မသောက်တာ၊ အန္တရာယ်ရှိတဲ့ လိင်ဆက်ဆံမှု ပြုလုပ်တာ၊ ကွန်ဒုံး အသုံးပြုမှု ရာခိုင်နှုန်း  ၆၀ ထက် လျော့နည်းနေတာ စတဲ့အချက်တွေကိုလည်း တွေ့ရှိနေရတဲ့အတွက် အဲဒီအချက်တွေကို ဖြစ်ပွားစေတဲ့ ဇာစ်မြစ် အကြောင်းအရင်းကို ရှာဖွေဖော်ထုတ်ပြီး ဆောင်ရွက်ဖို့လည်း လိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားသည်။

၂၀ဝ၀ ပြည့်နှစ် မှ ၂၀၁၇ ခုနှစ် ခုနစ်နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၌ အိပ်ခ်ျအိုင်ဗွီရောဂါ လူနာအသစ် ကူးစက်ခံရမှုမှာ ထက်ဝက်ကျော် ကျဆင်းခဲ့ပြီး AIDS Epidemic Model –AEM ဖြင့် ခန့်မှန်း တွက်ချက်မှုအရ  မြန်မာနိုင်ငံ၌ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူဦးရေ ၂၂၇၀ဝ၀ ခန့်ရှိပြီး ရောဂါဖြစ်ပွားမှုနှုန်းမှာ ဝ ဒသမ ၅၇ ရာခိုင်နှုန်းခန့် ရှိနေကြောင်း ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနမှ ၂၀၁၈ ခုနှစ်အတွင်း ထုတ်ပြန် ကြေညာထားသည့် အချက်အလက်များအရ သိရသည်။ “အိပ်ခ်ျအိုင်ဗွီက အထူးသဖြင့် မူးယစ်ဆေးအကြောတွင်း ထိုးသွင်းသူတွေ၊ အမျိုးသမီး လိင်လုပ်သားတွေ၊ အမျိုးသားချင်း ချစ်ခင် စုံမက်သူတွေ၊ အကျဉ်းကျနေသူတွေ၊ ရွှေ့ပြောင်း လုပ်သားတွေ အပါအဝင် ဦးတည်အုပ်စုအတွင်း အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ဖို့ အန္တရာယ်ရှိတဲ့ အပြုအမူတွေ ပြုမူနေခြင်းတို့ကြောင့် အဲဒီလူအုပ်စုအတွင်းမှာ ပိုးကူးစက်ခံရမှုနှုန်းက မြင့်မားနေဆဲ ဖြစ်ပါတယ်။ ရောဂါပိုး ကူးစက်ခံရမှုက ရန်ကုန်၊ ကချင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ စစ်ကိုင်းတို့က တခြားဒေသတွေထက် ရောဂါအသစ် ကူးစက်ခံရမှု ပိုမိုမြင့်မားလျက် ရှိနေပါတယ်” ဟု အမျိုးသား ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် လူနာများအတွက် ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများကို ခုနစ်နှစ်တာ ကာလအတွင်း အစိုးရမှ ဘဏ္ဍဍာငွေ တိုးမြှင့်ထောက်ပံ့ပေးမှုနှင့် ကမ္ဘာ့ရန်ပုံငွေအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ လူမှုရေး အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုဖြင့် ၂၀၁၁ ခုနှစ်တွင် ရောဂါပိုး ကူးစက်ခံရသူ နှစ်သိန်းကျော်အနက် လူနာ လေးသောင်းခန့်ကိုသာ ဘဝတစ်သက်တာ သောက်ရမည့် အေအာရ်တီဆေးဖြင့် ကုသမှုပေးနိုင်ခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် လူနာပေါင်း တစ်သိန်းလေးသောင်းခြောက်ထောင်ကျော်အထိ ကုသမှုပေးနိုင်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ် ဇွန်မှစ၍ ကမ္ဘာလုံးဆိုင်ရာ အိပ်ခ်ျအိုင်ဗွီ ပူးပေါင်းကာကွယ်ရေး အဖွဲ့အစည်း (Global HIV Prevention Coalition) တွင် မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် စတင်ပါဝင်ပြီ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment