Thursday, July 4, 2019

လှည်းကူးနှင့် ထန်းတပင်မြို့နယ်တွင် အကောင်အထည်ဖော်မည့် စက်မှုဥယျာဉ်မြို့တော် စီမံကိန်းအတွက် သိမ်းဆည်းမြေ ရာခိုင်နှုန်း ၂၀ ကို လယ်သမားများ ပြန်လည်ရရှိမည်ဖြစ်ပြီး ကျန်ရာခိုင်နှုန်း ၈၀ အား စီမံကိန်းအတွက် အသုံးပြုမည်ဆိုခြင်းကို လယ်သမားများ သဘောတူဟုဆို

လှည်းကူးနှင့် ထန်းတပင်မြို့နယ်တွင် အကောင်အထည်ဖော်မည့် စက်ဥယျာဉ်မြို့တော် စီမံကိန်းအတွက် သိမ်းဆည်းမြေ ရာခိုင်နှုန်း ၂၀ အား လယ်သမားများ ပြန်လည်ရရှိမည်ဖြစ်ပြီး ကျန် ၈၀ ရာခိုင်နှုန်းအား စီမံကိန်းအတွက် အသုံးပြုမည် ဆိုခြင်းကို လယ်သမားများ၏ သဘောတူညီချက် ရရှိထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။



ဇူလိုင် ၂ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်းအဝေး နဝမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပေးပို့ သော ထန်းတပင်နှင့် လှည်းကူးမြို့နယ်တွင်  ပြုလုပ်မည့် စက်မှုဥယျာဉ်မြို့တော် စီမံကိန်းနှင့် စပ်လျဉ်းပြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းတွေကို အကောင်အထည်ဖော်ရာမှာ မြေသိမ်းအမှုတွေ ဖွင့်လှစ်ဖို့ ၁၈၉၄ ခုနှစ် မြေသိမ်း အက်ဥပဒေပုဒ်မ ၃၀ (၃) အရ အကျိုးခံစားခွင့် ရှိသော တောင်သူများနဲ့ သဘောတူညီမှု ရရှိရေး ညှိနှိုင်းပြီး တောင်သူများရဲ့ လိုအပ်ချက်၊ တောင်းဆိုချက်အရ သိမ်းဆည်းမြေ ရာခိုင်နှုန်း ၂၀ ကို မြို့မြေအဖြစ် အကျိုးခံစားခွင့်ပေးပြီး ကျန်ရာခိုင်နှုန်း ၈၀ ကို နိုင်ငံတော် စီမံကိန်းများ အကျိုးပြုလုပ်ငန်းများ အသုံးပြုနိုင်ရေးအတွက် သတ်မှတ် ဆောင်ရွက်ခွင့်ပြုဖို့ကိစ္စနဲ့ ပတ်သက်ပြီး လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီရဲ့ မူအားဖြင့် သဘောတူညီမှုအရ ထန်းထပင်မြို့နယ် စက်မှုဥယျာဉ်မြို့တော် စီမံကိန်းမြေဧရိယာအတွင်း ပါဝင်သွားမယ့်  လယ်မြေပိုင်ရှင်များ သဘောထားရယူ ဆောင်ရွက်ခဲ့ရာ တောင်သူအားလုံးရဲ့ သဘောတူညီချက်ကို ရယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်” ဟု ဝန်ကြီးနော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။


ထို့ပြင် ထန်းတပင်မြို့နယ် စက်မှုဥယျာဉ်မြို့တော်စီမံကိန်း မြေဧရိယာအတွင်းရှိ လယ်မြေဧရိယာများသည် ရေနက်ကွင်း လယ်မြေများဖြစ်ပြီး တစ်နှစ်လျှင် စပါး တစ်သီးသာ စိုက်ပျိုးနိုင်ပြီး စပါးအထွက်နှုန်းမှာ စံချိန် မမီသောကြောင့် လယ်သမားများအတွက် အကျိုးခံစားရမှု နည်းပါးပြီး စီးပွားရေးတွင် နိမ့်ကျ၍ ဖွံ့ဖြိုးမှုအပိုင်းတွင်လည်း နောက်ကျ ကျန်နေခဲ့ရခြင်း ဖြစ်ကြောင်း၊ ထန်းတပင်မြို့နယ် စက်မှုဥယျာဉ်၊ မြို့တော်စီမံကိန်း မြေဧရိယာအတွင်း လယ်မြေ ဧရိယာများကို အသုံးပြု ဆောင်ရွက်သွားမည် ဖြစ်သော်လည်း ထန်းတပင်မြို့နယ်အတွင်းရှိ နွေစပါး စိုက်ဧကသည် ၂၀၁၈ ခုနှစ်တွင်  ၃၇၂၂၈ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၃၉၁၅၃ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် ယခင်နှစ်ထက် ၁၉၂၅ ဧက တိုးချဲ့ စိုက်ပျိုးနိုင်ခဲ့သဖြင့် စပါးထွက်ရှိမှု အခြေအနေသည် မိုးစပါး စိုက်ဧကထက် ပိုမိုထွက်ရှိခဲ့သည့်အတွက် ထန်းတပင်မြို့နယ်၏ စပါးထွက်ရှိမှု ပမာဏ သိသိသာသာ လျော့နည်းကျဆင်းမည် မဟုတ်ကြောင်း၊ ထန်းတပင်မြို့နယ်အတွင်း စက်မှု ဥယျာဉ်မြို့တော် စီမံကိန်းကြီး ပေါ်ပေါက်လာပါက  အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး စီးပွားရေး လုပ်ငန်းများ ပိုမို အဆင်ပြေလာမည် ဖြစ်သကဲ့သို့ ဒေသဖွံ့ဖြိုးရေးအတွက်လည်း များစွာ အထောက်အကူရှိမည် ဖြစ်သောကြောင့် ဒေသခံ ပြည်သူများကလည်း စက်မှုဥယျာဉ်မြို့တော်ကြီး အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရေးအတွက် လိုလိုလားလား မျှော်လင့်လျက်ရှိကြောင်း ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

ထန်းတပင်မြို့နယ်တွင် အကောင်အထည်ဖော်မည့် စက်မှုဥယျာဉ်မြို့တော်စီမံကိန်း မြေဧရိယာသည် ၂၂၂၀ ဒသမ ၈၂ ဧကဖြစ်ပြီး လမုတန်ကြီးကျေးရွာမှ တောင်သူ ၁၄၉ ဦး ပိုင်ဆိုင်သည့် မြေဧရိယာ ၁၆၈၄ ဒသမ ၆၆ ဧက၊ အတွင်းရေကျော်ရွာမှ တောင်သူ ၃၂ ဦးပိုင်သည့် မြေဧရိယာ ၁၄၀ ဒသမ ၇၆ ဧကနှင့် အပြင်ရေကျော်ရွာ မှ တောင်သူ ၄၅ ဦးပိုင်သည့် မြေဧရိယာ ၃၉၅ ဒသမ ၄၀ ဧက တို့တွင် အကောင်အထည် ဖော်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လှည်းကူးမြို့နယ်တွင် အကောင်အထည်ဖော်မည့် စက်မှုဥယျာဉ်မြို့တော်စီမံကိန်း မြေဧရိယာသည် ၁၃၄၆ ဒသမ ၅၇ ဧကရှိပြီး ပိုက်ကြီးဝဲကျေးရွာမှ တောင်သူ ၃ဝဦး ပိုင်သည် မြေဧရိယာ ၂၀ဝ ဒသမ ၁၉ ဧက၊ တံခွန်တိုင် (လှည်းကူး) ရွာမှ တောင်သူ ၉၉ ဦး ပိုင်ဆိုင်သည့် မြေဧရိယာ ၇၅၁ ဒသမ ၃၁ ဧက၊ အုန်းနှဲကုန်းရွာမှ တောင်သူ ၂၉ ဦး ပိုင်သည့် မြေဧရိယာ ၂၃၉ ဒသမ ၃၉ ဧက၊ ညောင်တခြမ်းရွာမှ တောင်သူ ၁၂ ဦး ပိုင်သည့် မြေဧရိယာ ၁၁၄ ဒသမ ၄၁ ဧကနှင့် ကျွန်းကုန်းကျေးရွာမှ တောင်သူ ခုနစ်ဦး ပိုင်သည့် မြေဧရိယာ ၁၇ ဒသမ ၈၄ ဧကတို့တွင် စီမံကိန်း အကောင်အထည် ဖော်သွားမည် ဖြစ်ပြီး တောင်သူများ၏ သဘောတူဝန်ခံမှုများ ရရှိထားပြီး ဖြစ်ကြောင်း ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

No comments:

Post a Comment