Thursday, July 4, 2019

ဖားကန့်ဒေသက လုပ်ကွက် ၉၈၁ ခုကို သုံးလကြာ တူးဖော်ခွင့် တားမြစ်

 ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မိုးတွင်းကာလ သုံးလအတွင်း ကုမ္ပဏီပေါင်း ၂၇၈၊ လုပ်ကွက်ပေါင်း ၉၈၁ ခုကို ပြည်နယ် အစိုးရက ကျောက်စိမ်းတူးဖော်ခွင့် ယာယီတားမြစ်လိုက်ပါတယ်။ လုံးခင်းဖားကန့်ရတနာနယ်မြေအတွင်းက အကျိုးတူကုမ္ပဏီ ၇၈ ခုရဲ့ လုပ်ကွက် ၉၁ ခုနဲ့ ပုဂ္ဂလိကကုမ္ပဏီ၂၀၀ ရဲ့ လုပ်ကွက် ၈၉၀ ကို ဇူလိုင် ၁ ရက်နေ့ကနေ စက်တင်ဘာ ၃၀ ရက်နေ့အထိ တူးဖော်ခွင့် တားမြစ်လိုက်တာဖြစ်ပါတယ်။



ဒီတားမြစ်မှုဟာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု သက်သာအောင်နဲ့ နွံကန်တွေ မကြာခဏပြိုကျမှုတွေ မဖြစ်အောင်ဆိုပြီး ချမှတ်လိုက်တာဖြစ်တယ်လို့ ပြည်နယ်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက RFA ကို ပြောပါတယ်။

ဒါ့အပြင်တားမြစ်ထားတဲ့ကာလအတွင်း ချိုးဖောက်ပြီး ကုမ္ပဏီတွေအနေနဲ့ ကျောက်စိမ်းတူးဖော်နေတာတွေကို တွေ့ရှိရင် ကျောက်မျက်ဥပဒေအရ အရေးယူသွားမှာဖြစ်သလို ဒီအတွက်လည်း စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းထားတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
ဖားကန့်ဒေသမှာ ဇွန်လအတွင်း သက်တမ်းကုန်ဆုံးသွားတဲ့ ကုမ္ပဏီပေါင်း ၂၀၁၅ ခုရှိနေပြီး အဲဒီကုမ္ပဏီတွေဟာ ကရင်ချောင်၊ ဖားပြင်၊ ဗလခ၊ ဘဇံချောက်၊ မော်မောင်း၊ မော်လကင်၊ မော်ဝမ်းကြီး၊ ရှရောင်ခမှော်တွေက လုပ်ကွက်တွေဖြစ်တယ်လို့ အစိုးရစာရင်းတွေအရ သိရပါတယ်။

သက်တမ်းကုန်ဆုံးသွားတဲ့ကုမ္ပဏီတွေကို အကြီးစားလုပ်ငန်းအနေနဲ့ သက်တမ်းထပ်မတိုးပေးတော့ဘဲ အလတ်စားလုပ်ငန်းအနေနဲ့သာ ချပေးတော့မှာဖြစ်တယ်လို့ ဝန်ကြီးကပြောပါတယ်။ အဲဒီကုမ္ပဏီတွေဟာ ၁၀ နှစ်ကြာလုပ်ကိုင်ခဲ့ပြီး သက်တမ်းကုန်ဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment