Thursday, July 4, 2019

ပီရူးက ချီလီကို ၃ဂိုးပြတ်အနိုင်ယူပြီး ကိုပါအမေရိကဖလား ဗိုလ်လုပွဲတက်

ကိုပါအမေရိကဖလားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ဒုတိယပွဲစဉ်ကို ဒီနေ့မနက်က ဘရာဇီးနိုင်ငံမှာ ယှဉ်ပြိုင်ကစားရာမှာ ပီရူးနိုင်ငံအသင်းက လက်ရှိချန်ပီယံ ချီလီအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ ဒီနှစ်သင်းယှဉ်ပြိုင်ကစားခဲ့ရာမှာ ချီလီအသင်းကဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်ကန်သွ င်းခွင့်တွေပါ အခွင့်အရေးပိုမိုရရှိခဲ့ပေမယ့် ပီရူးဂိုးသမား ဂယ်လီဆီက လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့ ချီလီအသင်း ဂိုးမရဘဲရှုံးနိမ့်သွားခဲ့တာဖြစ်ပြီး  ၃ကြိမ်ဆက်တိုက် ကိုပါဖလား ချန်ပီယံ ဖြစ်ရေး အိပ်မက်ပျက်သွားခဲ့ပါတယ်။



ပီရူးအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပထမပိုင်း ၂၁ မိနစ်မှာ ဖလိုရက်စ်က အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး  ၃၈ မိနစ်မှာ ရိုတန်က ဒုတိယဂိုးသွင်းယူနိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာ ပီရူးက ၂ ဂိုနဲ့ ဦးဆောင်နေပါတယ်။

ဒုတိယပိုင်း ၄၅ မိနစ်အတွင်း တဖက်နဲ့တဖက် ဂိုးထပ်မသွင်းနိုင်ဘဲ မိနစ် ၉၀ အပြီး နာကျင်အချိန်ပို ၁ မိနစ်မှာ ပီရူးအသင်းအတွက်  ၃ ဂိုးမြောက် အနိုင်ဂိုးကိုတော့ ၀ါရင့်တိုက်စစ်မှူး ဂွာရဲရိုးက သွင်းယူပေးခဲ့တာပါ။

အဲဒီနောက်ချီလီက ပင်နယ်တီကန်သွင်းခွင့်ရခဲ့ပေမယ့် ဗာဂတ်စ်ကန်သွင်းတာ မ၀င်လို့ ဂိုးပြတ်နဲ့ ရှုံးခဲ့တာပါ။ ဒီပွဲမှာ ချီလီက ဂိုးပေါက်ကန်သွင်းခွင့် ၈ ကြိမ်အထိရခဲ့ပေမယ့် ဂိုးမရရှိခဲ့ပဲ ပီရူးကတော့ ကန်သွင်းခွင့်ရတဲ့ ၃ ကြိမ်စလုံးကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

ကိုပါအမေရိကဖလား  နောက်ဆုံး ဗိုလ်လုပွဲကိုတော့  ဇူလိုင် ၈ ရက်နေ့မှာ ပီရူးအသင်းနဲ့ အာဂျင်တီးနားအသင်းကို ဆီမီးဖိုင်နယ်မှာ အနိုင်ယူခဲ့တဲ့ နာမည်ကြီး အိမ်ရှင်ဘရာဇီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။

ကိုပါအမေရိကဖလား တတိယလုပွဲကိုတော့ ဇူလိုင် ၇ ရက်နေ့မှာ အာဂျင်တီးနားနဲ့ ချီလီအသင်းတို့ ယှဉ်ပြိုင်ကစားမှာပါ။

No comments:

Post a Comment