Wednesday, May 22, 2019

ရေလုပ်ငန်းဖွံ့ဖြိုးမှုတွင် အဟန့်အတား ဖြစ်စေသည့် ဘဏ်အတိုးနှုန်းအား ပြန်သုံးသပ်ပေးရန် အစိုးရသို့ တင်ပြမည်

ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွင် အဟန့်အတား ဖြစ်စေသည့် ဘဏ်အတိုးနှုန်းအား ပြန်သုံးသပ်ပေးရေးကို ကုန်သည်စက်မှုအသင်းချုပ်တွင် လစဉ် ကျင်းပလျက် ရှိသော နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် မြန်မာ့ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောသည်။



"အခုလို ဘဏ်အတိုးနှုန်းတွေ များနေတော့ ချေးတဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းကို တွင်တွင်ကျယ် ကျယ် မချဲ့ထွင်နိုင်ဘူး။ အန်တီတို့ ငါးမွေးတဲ့ လုပ်ငန်းကလည်း ဖွံ့ဖြိုး အောင်လုပ်မယ့်အချိန်မှာဘဏ်တွေက အဟန့်အတားလိုဖြစ်နေတယ်။ ဒါတွေကို ဗဟိုဘဏ်က သေချာစိစစ်စေချင်တယ်။ အခု လာမယ့် ဒုသမ္မတတွေ့ဆုံပွဲမှာ ဒီဖြစ်ရပ်တွေကို တင်ပြတောင်းဆို သွားမယ်"ဟု ၎င်းက ပြောသည်။

ငါးမွေးမြူရေးလုပ်ကိုင်သူ လုပ်ငန်းရှင်အများစုသည် SME လုပ်ငန်းရှင်များဖြစ်သောကြောင့် လက်ရှိဘဏ်များက SME လုပ်ငန်းရှင်များအတွက် ချေးပေးသည့် ချေးငွေအတိုးနှုန်းမှာ များနေသည့်အတွက်
ငါးလုပ်ငန်းဖွံ့ဖြိုးမှုတွင် ဘဏ်များက အဟန့်အတား တစ်ခု ဖြစ်နေသည်ဟုဆိုသည်။

ဘဏ်များအနေဖြင့် SME ချေးငွေများ ထုတ်ချေးရာတွင် သိန်းတစ်ထောင် ချေးယူပါက သိန်း ၈ဝဝ သာ ထုတ်ပေးပြီး ကျန်သိန်း ၂၀၀ ကို ဘဏ်၌ ပြန်လည် သွင်းထားရသည့် အနေအထားဖြစ်နေသည်ဟုဆိုသည်။

" သိန်း ၈ဝဝ အပေါ်မှာ သူတို့က အတိုးနှုန်း ၁၉ ရာခိုင်နှုန်းယူပြီး ကျန်သိန်း ၂၀၀ အပေါ်မှာ ၆ ရာခိုင်နှုန်းပဲ ပြန်ပေးတယ် ။သိန်း ၂၀၀ ပေါ်မှာ ရှုံးမယ့်အတိုး ပြန်တွက်ရင် ၂၀ ရာခိုင်နှုန်း ကျော်သွားတယ်။ဗဟိုဘဏ်ရဲ့ ဥပဒေ ညွှန်ကြားချက်အရဆိုရင် အပေါင်မပါရင် ၁၆ ရာခိုင်နှုန်းထက် ပိုမယူရပါဘူး။အခုသိန်း ၈၀၀ ပေါ်မှာ ၁၉ ရာခိုင်နှုန်းယူပြီး သိန်း ၂၀၀ ကို ထုတ်မပေးဘဲ ၆ ရာခိုင်နှုန်း အတိုးပေးတယ်ဆိုရင် အဲ့အပေါ်မှာလဲ လုပ်ငန်းရှင်တွေက နစ်နာပါတယ်။ဒါဟာ SME ကိုဖွံ့ဖြိုးအောင် လုပ်တဲ့နေရာမှာ ဘဏ်တွေက အဟန့်အတားဖြစ်တယ်လို့ သုံးသပ်ပါတယ်။"ဟု ၎င်းကဆိုသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မိမိတို့အခက်အခဲ များကိုတင်ပြ၍ ဘဏ်များအား ပြန်လည်စိစစ်ပေးရန် တင်ပြတောင်း ဆိုသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဘဏ္ဍာငွေရရှိနိုင်သည့် အခွင့်ရေး ပိုမိုရရှိစေရန် ရည်ရွယ်၍ နိုင်ငံခြားဘဏ် ၊ဘဏ်ခွဲများအား ပြည်တွင်းဘဏ်များနည်းတူ ပြည်တွင်းစီးပွားရေးလုပ်ငန်းများသို့ မည်သည့် ချေးငွေဖြည့်ဆည်းမှုကို မဆိုဆောင်ရွက်ခြင်းနှင့် အခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ခြင်းတို့ကို၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၈ ရက်က လုပ်ကိုင်ခွင့်ပြုခဲ့သည့်အပေါ် ရေလုပ်ငန်းရှင်များအနေဖြင့်နိုင်ငံခြားဘဏ်များမှ သက်သာသောအတိုးနှုန်းဖြင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှု ရရှိရန် မျှော်လင့်ထားကြောင်းသိရသည်။

လက်ရှိ ငါးမွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများလုပ်ကိုင်နိုင်ရန် ရင်းနှီးငွေလိုအပ်ချက်များကို ပြင်ပမှ အတိုးနှုန်းမြင့်မားစွာဖြင့် ချေးယူလုပ်ကိုင်နေရပြီး အစိုးရမှ သက်သာသော အတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ချေးပေးရန် မျှော်လင့်လျက်ရှိကြောင်းသိရသည်။

No comments:

Post a Comment