Wednesday, May 22, 2019

ရထားလမ်းဆောက်လုပ်ရေး စီမံကိန်း ရပ်ဆိုင်းရန် စင်ကာပူနှင့် မလေးရှား သဘောတူ

စင်ကာပူနဲ့ မလေးရှားဟာ ဒေါ်လာ ၁ ဘီလျံတန်ဖိုးရှိ ရထားလမ်းဆောက်လုပ်ရေး စီမံကိန်းကို ရပ်ဆိုင်းဖို့ သဘောတူခဲ့တယ်လို့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန နှစ်ခုစလုံးက မေလ ၂၁ ရက်နေ့မှာ ပြောပါတယ်။ စင်ကာပူနဲ့ မလေးရှားနိုင်ငံ တောင်ပိုင်းက ဂျိုဟိုးပြည်နယ်ကို သွယ်တန်းဖောက်လုပ်မယ့် အဲဒီရထားလမ်းစီမံကိန်းဟာ အမေရိကန်ဒေါ်လာ ၁ ဘီလျံ တန်ဖိုးရှိတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။



ဒါဟာ မလေးရှားနိုင်ငံမှာ အစိုးရသစ် တက်လာတဲ့ ၂၀၁၈ ကတည်းက ရပ်ဆိုင်းလိုက်တဲ့ နောက်ထပ် စီမံကိန်းတခုပါ။

အဲဒီအချိန်က မလေးရှားဝန်ကြီးချုပ် မဟာသီယာဟာ ဘဏ္ဍာရေးကဏ္ဍကို ပိုတင်းကျပ်သွားဖို့နဲ့ အကြီးစားစီမံကိန်းတွေကို ပြန်သုံးသပ်သွားဖို့ ကတိပြုခဲ့ပါတယ်။

စင်ကာပူနိုင်ငံမှာ ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ မလေးရှားနဲ့ စင်ကာပူ သယ်ယူပို့ဆောင်ရေး ဝန်ကြီးတွေက စီမံကိန်းရပ်ဆိုင်းတဲ့ လုပ်ငန်းစဉ်ကို စက်တင်ဘာ ၃၀ ရက်အထိ လုပ်ဆောင်သွားမှာဖြစ်ပြီး မလေးရှားက စင်ကာပူကို ကုန်ကျစရိတ်တွေအတွက် လျော်ကြေးပေးသွားမယ်လို့ ပြောခဲ့ကြပါတယ်။

ထောင်နဲ့ချီတဲ့ မလေးရှားနိုင်ငံသားတွေဟာ အလုပ်နဲ့ ကျောင်းကိစ္စတွေအတွက် စင်ကာပူနိုင်ငံကို ခေါက်တုံ့ခေါက်ပြန် သွားနေကြရပါတယ်။

အခုရပ်ဆိုင်းလိုက်တဲ့ ရထားလမ်းစီမံကိန်းဟာ ၂၀၂၆ မှာ အကောင်အထည်ဖော်ဖို့ စီစဉ်ခဲ့ပြီး တနာရီကို ခရီးသည် တသောင်းအထိ တင်ဆောင်နိုင်အောင် ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။

No comments:

Post a Comment