Wednesday, May 22, 2019

အမေရိကန်အကျိုးစီးပွားများကို တိုက်ခိုက်လာလျှင် အီရန်ကို အင်အားအလုံးအရင်းဖြင့်ချေမှုန်းမည်ဟု ထရမ့်ဆို၊ မဟုတ်မဟတ်များပြောပြီး မခြိမ်းခြောက်ရန် အီရန်တုံ့ပြန်

အကယ်၍ အီနိုင်ငံကသာ အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်အကျိုးစီးပွားများကို တိုက်ခိုက်ဖျက်ဆီးခဲ့မည်ဆိုပါက အီရန်အနေနှင့် အင်အားအလုံးအရင်းဖြင့် တုံ့ပြန်ချေမှုန်းခံရမည်ဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြိမ်းဝါးပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ အစိုးရသတင်းရင်းမြစ်များ အဆိုအရ အီရတ်နိုင်ငံရှိ ဂရင်းဇုန်ကို ရော့ကက်ဖြင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော ရှီယိုက် စစ်သွေးကြွများသည် အီရန်နိုင်ငံနှင့် ချိတ်ဆက်ပတ်သက်မှုရှိသည်ဟု ဝါရှင်တန်အစိုးရက ကြီးစွာသောသံသယဖြစ်လျက်ရှိသည်။



“ကျွန်တော်ထင်ပါတယ်၊ သူတို့တိုက်ခိုက်တာမျိုး လုပ်ခဲ့မယ်ဆိုရင် အီရန်အတွက် ကြီးမားတဲ့အမှားကြီးတစ်ခုပါပဲ။ သူတို့ တစ်စုံတခု လုပ်တယ်ဆိုရင် သူတို့ဟာ ကြီးမားတဲ့အင်အားအသုံးပြုပြီး နှိမ်နင်းခံရမှာပါ”ဟု ဒေါ်နယ်ထရမ့်က သတင်းထောက်များကို ပြောကြားသည်။

အမေရိကန် ပြည်ထောင်စု သတင်းရင်းမြစ်နှစ်ခုက ဝါရှင်တန်အစိုးရသည် အီရန်နှင့် ရှီယိုက်စစ်သွေးကြွတွေအကြား ဆက်ဆံရေးရှိသည်ဟူသောအချက်ကို သံသယရှိနေကြောင်း ပြောကြားသည်။

အမေရိကန်အမျိုးသား လုံခြုံရေး ကွပ်ကဲရေးမှူးများနှင့် နီးစပ်သည့် သတင်းရင်းမြစ်အဆိုအရ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော ဘဂ္ဂဒက်ဂရင်းဇုန် ရော့ကက်ဖြင့် ပစ်ခတ်ခံရမှုတွင် မည်သည့်စစ်သွေးကြွက တိုက်ခိုက်ခဲ့သည်ကို အမေရိကန်ပြည်ထောင်စုက စုံစမ်းဖော်ထုတ်လျက် ရှိသည်ဟုဆိုသည်။

စစ်သွေးကြွများ ပစ်ခတ်ခဲ့သော ရော့ကက်သည် အစိုးရအဆောက်အအုံများနှင့် သံရုံးများရှိသည့် ဂရင်းဇုန်ထဲသို့ ကျရောက်ပေါက်ကွဲခဲ့သော်လည်း ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာမရှိခဲ့ပေ။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်အပေါ် ယင်းသို့ အင်အားအလုံးအရင်းဖြင့် တုံ့ပြန်မည့်ပုံစံမျိုးပြောဆိုခဲ့မှုအပေါ် အီရန်နိုင်ငံခြားရေးဝန်ကြီးကလည်း တန်ပြန်ချေပခဲ့သည်။

သမ္မတထရမ့်၏ လူမျိုးတုန်းသတ်ဖြတ်မယ့်ပုံစံမျိုး ထိကပါးယိကပါး ပြောဆိုမှုများကို အီရန်အနေနှင့် လက်သင့်မခံကြောင်းနှင့် အီရန်ကိုလာရောက်ခြိမ်းခြောက်ခြင်းမပြုရန် သတိပေးလိုကြောင်း ပြောကြားသည်။

အမေရိကန်သမ္မတအနေနှင့် သမိုင်းကြောင်းကို ကြည့်သင့်သည်ဟုလည်း ဆိုသည်။

“အီရန်လူမျိုးတွေဆိုတာ ထောင်စုနှစ်ဖြင့်ချီကာ ရန်စပြုမူလာမှုများကို မားမားမတ်မတ် ရပ်တည်ရင်ဆိုင်လာခဲ့သူများ ဖြစ်ကြတယ်။ လေးလေးစားစား ဆက်ဆံဖို့ကြိုးစားပါ”ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဇာရစ်က ပြောကြားသည်။

အမေရိကန်သမ္မတထရမ့်က ပြီးခဲ့သည့် တနင်္ဂနွေနေ့က “တကယ်လို့ အီရန်နိုင်ငံက စစ်ဖြစ်ချင်တယ်ဆိုရင် အဲဒါဟာ အီရန်နိုင်ငံရဲ့နိဂုံးဖြစ်သွားမယ်”ဟု Twitter မှတစ်ဆင့် ပြောကြားသွားသည်။

No comments:

Post a Comment